နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (ABIS)သို့ တက်ရောက်မိန့်ခွန်းပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (ABIS)သို့ တက်ရောက်မိန့်ခွန်းပြောကြား
အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Published 2 November 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသတွင်း ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်သော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး ABIS သို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ဘန်ကောက်သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာကိုယ်စားလှယ်များနှင့်အတူ ယနေ့(နိုဝင်ဘာ ၂ ရက်)တွင် ပြုလုပ်သည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစည်းအဝေး(ABIS)သို့ တက်ရောက်၍ စီးပွားရေးဆိုင်ရာ မိန့်ခွန်းတစ်ရပ်ကို ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ခွဲခန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးသည် ထိပ်သီးခေါင်းဆောင်များပါဝင်သော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍအတွက် အရေးပါပြီး အာဆီယံဒေသတွင်းမှ နိုင်ငံခေါင်းဆောင်အချို့လည်း တက်ရောက်မိန့်ခွန်းပြောကြားမှုများ ရှိခဲ့သည်။

ယင်းထိပ်သီးအစည်းအဝေးကို IMPACT Exhibition Hall တွင် ယနေ့(နိုဝင်ဘာ ၂ ရက်) နံနက်ပိုင်းမှစ၍ Empowering Asean 4.0 ခေါင်းစဉ်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကလည်း နံနက်ပိုင်းတွင် အဖွင့်မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်၌ ပြုလုပ်သော ယင်းအစည်းအဝေးသို့ တက်ရောက်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ASEAN 4.0 အတွက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုများက နောက်ကျသည်ဟုဆိုသော်လည်း အာဆီယံဒေသတွင်းနှင့် မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် အဓိကထား အာရုံစိုက်လုပ်ဆောင်မှုကို ကြိုဆိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်မည့်ခရီးတွင် ကဏ္ဍအသီးသီးပြန်လည်ပြုပြင်ရေးနှင့် အဆင့်မြှင့်တင်ရေး ဆက်လက်ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်းနှင့် အောင်မြင်မှုကို ပုဂ္ဂလိက ကဏ္ဍကိုကြည့်၍ သတ်မှတ်ရမည်ဖြစ်ပြီး အထူးသဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး၏ ရှေ့တန်းတွင်ရှိနေပြီး တိုင်းပြည်စီးပွားရေးအတွက် ကြီးမားသောမောင်းနှင်အားဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အသေးစားနှင့် အလတ်စားလုပ်ငန်းများကပင် ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်အခွင့်အလန်းကို ဖော်ဆောင်နိုင်သော အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည်ဟု ၄င်း၏မိန့်ခွန်းတွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

နိုင်ငံတော််၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ဖိလစ်ပိုင်တွင်ပြုလုပ်ခဲ့သော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးနှင့် စင်ကာပူတွင်ပြုလုပ်ခဲ့သော ABIS အစည်းအဝေးတို့တွင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ဖူးသည်။

နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို အရှေ့တောင်အာရှ၏ နောက်ဆုံးနယ်စပ်ဟု တင်စားခံရသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် ABIS အစည်းအဝေးတွင် တိုက်တွန်းခဲ့ပြီး မြန်မာအစိုးရက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေသည်ဟု ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးခြင်းကြောင့် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့နိုင်ကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ရန်အရေးကြီးသည်မှာ ပုဂ္ဂလိကကဏ္ဍ၏ အခန်းကဏ္ဍဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသည့် အခြေခံအဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍက အရေးပါသည့် အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း၊ One stop service center များ တည်ထောင်ခြင်း၊ single-window system ဟု ခေါ်သည့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်သည့် စနစ်ချမှတ်ခြင်း၊ အွန်လိုင်းကနေ လျှောက်ထားသည့်စနစ် အစရှိသည့် လုပ်ဆောင်ချက်များကို ဗျူရိုကရက်ကြိုးနီစနစ် လျော့ချရန်နှင့် ပုဂ္ဂလိက လုပ်ငန်းများ ကြီးပွားတိုးတက်လာနိုင်မည့် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် ဆောင်ရွက်နေကြောင်းတို့ကို ဖိလစ်ပိုင် ABIS တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ဖူးသည်။

အလားတူ စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် ABIS အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ ရေလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပါအဝင် Sectors များတွင် ရင်းနှီးမြှှပ်နှံရန် အခွင့်အလမ်းများရှိနေကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာပြည်တွင် စီးပွားရေးလုပ်ကိုင်နေသူအချို့က မည်သူ့ကို လာဘ်ထိုးရမည်ကို သိသောကြောင့် လွယ်ကူသည်ဟု ယခင်ကပြောခဲ့သော်လည်း ယခုအခါ ခက်ခဲကြောင်း၊ ထိုသို့ခက်ခဲရခြင်းမှာ ယခုအခါ စီးပွားရေးလုပ်ငန်းများကို ကျွမ်းကျင်မှန်ကန်သည့်နည်းလမ်းဖြင့် လုပ်ကိုင်ရန်နှင့် သမာဓိရှိရှိလုပ်ကိုင်ရမည်ဖြစ်သောကြောင့် ဖြစ်ကြောင်း စင်ကာပူ ABIS တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ABIS သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးသောင်းထွန်း၊ ဦးကျော်တင်အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

 

Most Read

Most Recent