၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲတွင် ဟောပြောခဲ့သောအချက်များမှာ တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာထိခိုက်နစ်နာစေသည်ဟုဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို တပ်မတော်က တရားစွဲဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲတွင် ဟောပြောခဲ့သောအချက်များမှာ တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာထိခိုက်နစ်နာစေသည်ဟုဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို တပ်မတော်က တရားစွဲဆို
Published 1 November 2019
မင်းနိုင်စိုး၊ စည်သူ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်က ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပွဲတွင် ဟောပြောခဲ့သော အချက်များမှာ တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည်ဟုဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေနှင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို ကော့သောင်းတရားရုံးတွင် တပ်မတော်က တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။

"၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်နေ့ မနက်ပိုင်း ၈ နာရီ ၄၀ ကနေ ၁၀ နာရီလောက်အထိ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံပွဲပြုလုပ်တာပါ။ အဲဒီလို ပြုလုပ်တာနဲ့ပတ်သက်လို့ နေမျိုးဇင်ရယ်၊ စာရေးဆရာ ဦးစောဝေရယ်၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့ရယ် သူတို့ဟောပြောချက်တွေထဲမှာ အများကြီးပေါ့။ အများကြီးထဲမှာမှ တပ်မတော်နဲ့ပတ်သက်ပြီးတော့ သူတို့ဟောပြောချက်တွေက တပ်မတော်အကြီးအကဲတွေရယ်၊ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာတွေကို ထိခိုက်နစ်နာတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော်တို့ အရာရှိစစ်သည်တွေအနေနဲ့ တပ်မတော်အပေါ် လေးစားမှုလျော့ကျစေတယ်။ ပြီးရင် ပြည်သူလူထုကလည်း အထင်အမြင်လွဲမှားစေတယ်။ ဒါတွေကို တမင်ရည်ရွယ်ပြီးတော့မှ ဟောပြောခဲ့တဲ့အတွက်ကြောင့်မို့လို့ ကော့သောင်းမြို့နယ်တရားရုံးကို ကျွန်တော်တို့ ဦးတိုက်လျှောက်ထားခဲ့တယ်။ ဦးတိုက်လျှောက်ထားခဲ့တဲ့အပေါ်မှာ မူတည်ပြီးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်" ဟု ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးသန့်ဇင်ဦးက ပြောကြားသည်။

အဆိုပါ ထောက်ခံပွဲတွင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သားများသည် တပ်မတော်ကို ခုတုံးလုပ်၍ ကိုယ်ကျိုးအတွက် အခွင့်ထူးခံနေသော လူတစ်စုဟုလည်းကောင်း၊ လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် လူတစ်ယောက်ကို ဖြုတ်ချင်သလိုဖြုတ်၊ ဖယ်ချင်သလိုဖယ်၊ ခန့်အပ်ချင်သလိုခန့်အပ်ဟုလည်းကောင်း၊ ၎င်းတို့သည် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဟု အမည်ခံထားသော်လည်း တပ်မတော်၏ ကောင်းရာကောင်းကျိုးနှင့်ပတ်သက်၍ အဆိုတင်သွင်းခြင်းမျိုး မတွေ့ရဟုလည်းကောင်း၊ ယခင်ဦးနေဝင်း လက်ထက်ကတည်းကပင် တပ်မတော်သားများ၏ အခွင့်အရေး လုံးဝပျောက်ဆုံးနေပြီဟူ၍လည်းကောင်း ပြောဆိုခဲ့သည်ဟု ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးသန့်ဇင်ဦးက ပြောကြားသည်။

"အဲဒီတော့ ပထမဦးဆုံး ပြောသွားတာဆိုရင် ဗိုလ်ချုပ်တိုက်ဆောက်၊ တပ်သားချိုင်းထောက်စသည်ဖြင့် ဒါမျိုးတွေပေါ့ဗျာ။ ပြီးကျတော့ အထက်ကတော့တစ်မျိုး၊ အောက်ကျတော့ ဘယ်လိုအခက်အခဲရှိတယ် ဒါမျိုးတွေ ပြောတယ်။ နောက်ပြီးတော့ နေမျိုးဇင်တို့က တပ်မတော်ထဲမှာ နေတဲ့အပေါ်မှာ မူတည်ပြီးတော့ သူက တပ်ရဲ့ အထူးသဖြင့်တော့ တပ်ထဲမှာ အရာရှိနေခဲ့တဲ့အပေါ်မှာ မူတည်ပြီးတော့ အရာရှိတွေရဲ့ ကောင်းတာ၊ ဆိုးတာ အဲဒီဟောပြောပွဲထဲမှာ ပြောတာဆိုရင် သူပြောတဲ့ပုံစံက ဗိုလ်မှူးကြီးတစ်ယောက်ကတော် ဖြစ်သွားပြီဆိုရင် ရဲဘော်ဖြစ်သူတွေရဲ့ ကတော်ကို အနိုင်အထက်ပြုကျင့်တယ်ပေါ့။ အရာရှိတစ်ယောက်ကို ယူလိုက်ပြီဆိုရင် ဒါ ကျွန်ဝယ်ရာ အဆစ်ပါတယ်ပေါ့။ အဲဒီလို သုံးနှုန်းပြီးပြောတာပေါ့။ တပ်မတော်သားတွေအနေနဲ့ ပြုကျင့်ရမယ့် ကျင့်ဝတ်ခြောက်ဆယ်ရှိပေမယ့် တစ်ခုမှ မပြုကျင့်ကြဘူးပေါ့။ အဲဒါမျိုးတွေ သူဟောပြောခဲ့တယ်"ဟု ၎င်းက ဆိုသည်။

ကဗျာဆရာစောဝေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁ မှ ၄၈ အထိ ထိ၍မရကြောင်း၊ ထိမည်ဆိုပါက ပြောဆိုမည့်သူများသည် ခါးတွင် သေနတ်နှင့် ပခုံးတွင် ကြယ်ပွင့်နှင့်ဟုလည်းကောင်း၊ အာဏာရှင်များ နေထိုင်ရာ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ရွာကို ကြည့်မည်ဆိုပါက တန်ဖိုးနှစ်သန်းခန့်ရှိ တိုက်ခန်းများ ရှိသည်ဟူ၍လည်းကောင်း၊ ထိုသို့သော အာဏာရှင်များကို အရေးယူ၍ မရဟုလည်းကောင်း အဆိုပါ ထောက်ခံပွဲတွင် ပြောဆိုခဲ့သည်ဟု ဗိုလ်မှူးကြီးသန့်ဇင်ဦးက ဆိုသည်။

"နောက်တစ်ခုကလည်း အခြေခံဥပဒေထဲမှာ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းက ထိုင်လိုက်၊ ထလိုက်ပေါ့။ ရွေးကောက်ခံတွေကို ကန့်ကွက်ဖို့လား ဒါမှမဟုတ် အာဏာရှင် သူ့အဖေ သူခိုးတွေကို ကာကွယ်ဖို့လား၊ မိစ္ဆာဥပဒေတွေကို မောင်းထုတ်ဖို့လိုတယ်။ ကမ္ဘာပေါ်မှာ မိစ္ဆာတွေထက်ရိုင်းတဲ့ ဒီနိုင်ငံက မိစ္ဆာတွေဆိုတာ အာဏာယစ်ပြီးတော့ ပလ္လင်ပေါ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မောင်းထုတ်ဖို့လိုတယ်။ မိစ္ဆာတွေ ရေးခဲ့တဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မောင်းထုတ်၊ မိစ္ဆာတွေကို မောင်းထုတ်ဆိုပြီး သူကလည်း အဲဒီလိုမျိုး ဟောပြောခဲ့တာတွေရှိတယ်" ဟု ဗိုလ်မှူးကြီးသန့်ဇင်ဦးက ပြောကြားသည်။

ထို့ပြင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် စစ်အာဏာရှင် ရှိနေသေးကြောင်း၊ ၎င်းတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ၁၅ နှစ်ခန့် အချိန်ယူကာ ရေးဆွဲခဲ့ကြောင်း၊ ထို့အတူ ပုဒ်မ ၁ မှ ၄၈ အထိ ထိ၍ မရဘဲ တားမြစ်ထားကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လိုအပ်ပါက အာဏာသိမ်းခွင့်ရှိသည့်အတွက် အဆိုပါ ပြဋ္ဌာန်းချက်အား ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့သည် တပ်မတော်တွင် နေရာယူထားသည့်အတွက် အစိုးရက အုပ်ချုပ်ရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

"အဲဒီတော့ ဒါတွေအကုန်လုံး သူတို့ဟာသူတို့ ဟောပြောတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ ခုနက ပြောခဲ့တဲ့စကားလုံးတွေ အကုန်လုံးက တပ်မတော်က အကြီးအကဲတွေနဲ့ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်အောက် အရာရှိ၊ စစ်သည်တွေ သွေးကွဲအောင် ပြောတဲ့စကား ဖြစ်တယ်။ တပ်မတော်အပေါ် လေးစားမှုကို လျော့ကျစေတယ်။ ပြည်သူလူထု အထင်အမြင်လွဲမှားစေတယ်။ ဒါတွေကို တမင်ရည်ရွယ်ပြီး ဟောပြောခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ကော့သောင်းတရားရုံးကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၂ ရက်နေ့မှာ ကျွန်တော်တို့ ဦးတိုက်လျှောက်ထားခဲ့တယ်။ အဲဒီ ဦးတိုက်လျှောက်ထားတဲ့အပေါ်မှာ မူတည်ပြီးတော့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့မှာမှ ကော့သောင်းမြို့နယ် တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုမှုကို ခွင့်ပြုဖို့အကြောင်းကြားခဲ့တယ်"ဟု ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးသန့်ဇင်ဦးက ပြောကြားသည်။

ထိုသို့ ဟောပြောချက်များနှင့်ပတ်သက်၍ တရားစွဲဆိုရန် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သူမှာ ခမောက်ကြီးတပ်နယ်မှ အရာရှိကြီးတစ်ဦးဖြစ်ပြီး ၎င်းသည် လက်ရှိအချိန်တွင် ၎င်း၏ သဘောဆန္ဒအရ တပ်မတော်မှ အငြိမ်းစားယူသွားပြီဖြစ်သည့်အတွက် ၎င်း၏နေရာတွင် အသစ်ဝင်ရောက်လာသည့် တပ်မတော်အရာရှိကြီးတစ်ဦးက တရားလိုပြုလုပ်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောကြားသည်။

ထိုသို့ တရားစွဲဆိုခံရခြင်းနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က "မနေ့(အောက်တိုဘာ ၃၁ ရက်) က ၃ နာရီခွဲမှာ တရားရုံးက လက်ခံလိုက်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ဆီတော့ အကြောင်းကြားတာ မရှိသေးဘူး။ ကော့သောင်းမြို့နယ်တရားရုံးလို့ သိရတယ်။ ကော့သောင်းမှာ တရားစွဲတယ်ဆိုတာက ဟောပြောပွဲလိုက်သွားတာ။ အဲဒီမှာ အခြေခံဥပဒေပြင်ဆင်ရေး ပြောတာပါ။ ပြောတာလည်း မိနစ် ၂၀ လောက်ပါ။ နေတွေလည်းပူတော့ မပြောနိုင်ပါဘူး။ ဘာမှ ထိခိုက်အောင်လည်း ပြောတာမဟုတ်ပါဘူး" ဟု ပြောကြားသည်။

ထို့ပြင် တပ်မတော်က တရားစွဲဆိုရာတွင်ပါဝင်သည့် ကဗျာဆရာစောဝေကလည်း "တကယ်တမ်းကျတော့ ၇ လ လောက်ရှိပြီ။ ကျွန်တော် ဘာပြောခဲ့လဲဆိုတာတောင် သတိမရဘူး။ ပြန်စဉ်းစားရတယ်။ ဘယ်ပွဲတိုင်းပွဲတိုင်းမှာမှ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ဘာကြောင့် ပြင်သင့်တယ်ဆိုတာပဲ များသောအားဖြင့် ပြောတာပါ။ ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ထိခိုက်အောင်ပြောတာ တစ်ခါမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ကြည့်ရတာက ၇ လလောက်ကြာမှ တရားစွဲတယ်ဆိုတော့ သူတို့ စနစ်တကျ စီစဉ်ထားတယ်လို့ ကျွန်တော်ဘက်က ယူဆတာပေ့ါနော်" ဟု ပြောကြားသည်။

 

 

 

Most Read

Most Recent