ငြိမ်းချမ်းရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပြီး ငြိမ်းချမ်းခြင်းမရှိပါက ခေတ်မီတိုးတက်ရန် မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြောကြား

ငြိမ်းချမ်းရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပြီး ငြိမ်းချမ်းခြင်းမရှိပါက ခေတ်မီတိုးတက်ရန် မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြောကြား
Published 1 November 2019
မင်းနိုင်စိုး

ငြိမ်းချမ်းရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပြီး ငြိမ်းချမ်းခြင်းမရှိပါက ခေတ်မီတိုးတက်ရန် မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (တနင်္သာရီ) အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။

JMC-S (တနင်္သာရီ)  အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက်တွင် ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာရှိ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးအရဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S က အောက်တိုဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ငြိမ်းချမ်းရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းခြင်းမရှိပါက ခေတ်မီတိုးတက်ရန် မရှိကြောင်း၊ ငြိမ်းချမ်းရေးသည် အရေးကြီးသည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် လုပ်ငန်းစဉ်များကို လာရောက်ရှင်းလင်းတင်ပြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

JMC-S (တနင်္သာရီ) မှ အဖွဲ့ဝင်များသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဖော်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့အစည်းတွင် အစိုးရနှင့်တပ်မတော်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အရပ်သား ကိုယ်စားလှယ်များဖြင့် သုံးဦးသုံးဘက် ပေါင်းစပ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောကြားသည်။

ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ဖြစ်ပေါ်လာပုံကို ၎င်းက ရှင်းလင်းပြောကြားခဲ့ပြီး အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်၌ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနား ကျင်းပပြီးစီးခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။

ဆက်လက်၍ JMC-S (တနင်္သာရီ) အဖွဲ့ဝင် စဧရာဝင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင် ပဒိုစောဖလို့စိုးဝင်း (ခ) ဝင်းခိုင်က JMC ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက အရပ်သား ပြည်သူနှင့် ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ နှစ်ဖက်တပ်များ လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC) ပါ အကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင် စဧရာဝင်းက ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး စည်းမျဉ်းစည်းကမ်းများအပေါ် ချိုးဖောက်မှုများရှိပါက တိုင်ကြားနိုင်သည့် လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂)  စောသိန်းရွှေ ဦးဆောင်သော ကော်မတီဝင် အရပ်သား ကိုယ်စားလှယ်များသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင် လှိုင်းဘွဲမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကပ္ပလီကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ကြောင်း JMC က သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးရရှိရန် NCA စာချုပ်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်း သာမက ပြည်သူလူထုများလည်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေက ပြောကြားသည်။

ပြည်တွင်းပဋိပက္ခသည် နှစ်ပေါင်း  ၇၀ ခန့် ကြာမြင့်သောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအား လွယ်ကူစွာ ပြန်လည်တည်ဆောက်ရန် ခက်ခဲကြောင်း၊ ပထမဦးစွာ အပြန်အလှန် နှစ်ဖက်ယုံကြည်မှုရှိလာရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ JMC သည် NCA စာချုပ်ထိုးထားသော နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ ချိုးဖောက်မှုများနှင့် ပတ်သက်၍ စောင့်ကြည့်ရေးလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 ဆက်လက်၍ JMC-S (ကရင်) ကော်မတီဝင်များဖြစ်သော စောခရစ္စတိုဖာက JMC ၏ ဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်နှင့် တာဝန်များအားလည်းကောင်း၊ နန်းမြင့်တင်က NCA စာချုပ် ဖြစ်ပေါ်လာပုံနှင့် စာချုပ်ပါ အကြောင်းအရာများအား လည်းကောင်း၊ နန်းစေအွာက နှစ်ဖက်တပ်များ လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ အရပ်သားပြည်သူနှင့် ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအားလည်းကောင်း၊ စောစံယဉ်က ဒေသခံအရပ်သား စောင့်ကြည့်သူ  (LCM) များ၏ အခန်းကဏ္ဍအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

 

Most Read

Most Recent