သမိုင်းဆိုင်ရာခေတ်များနှင့် ယဉ်ကျေးမှုများတစ်လျှောက် အနုပညာနှင့် နိုင်ငံရေးတို့အကြား အားကောင်းသည့် ဆက်နွှယ်ချက်တစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ အနုပညာအသီးသီးတို့သည် ခေတ်ပြိုင်ဖြစ်ရပ်များနှင့် ခေတ်ပြိုင်နိုင်ငံရေးတို့ကို တုံ့ပြန်သည့်အခါ နိုင်ငံရေးဆိုင်ရာ ဒိုင်မေးရှင်းများနှင့် လူမှုရေးဆိုင်ရာ ဒိုင်မေးရှင်းများကို ဆွဲယူရလေသည်။ ယင်းအနုပညာတို့သည် ၎င်းတို့ကိုယ်တိုင် အငြင်းပွားဖွယ်ရာ ဆုံချက်များ ဖြစ်လာပြီး နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အပြောင်းအလဲနှင့် ပတ်သက်သော အင်အားတစ်ရပ်ပင်လျှင် ဖြစ်လာကြသည်။
ကျယ်ပြန့်သော လေ့လာမှုများအရ အစွမ်းအစကြီးမားသူတို့၌ လွတ်လပ်သောစိတ် ရှိသည်ဟူသည့်အချက်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့် ကြီးမြတ်သည်ဟု ခေါ်ဆိုနိုင်သည့် ပထမဆုံး ရုရှား စာရေးဆရာဟု ပညာရှင်အချို့က သတ်မှတ်သော ပွတ်ရှ်ကင်သည် ရာထူးအရနှင့် အုပ်ချုပ်ရေး မှတ်တမ်းများအရ နိုင်ငံတော်၏ အမှုထမ်းကောင်းတစ်ဦး ဖြစ်သော်လည်း ရုရှားတို့၏ ဗျူရိုကရေစီ (အထူးသဖြင့် ဇာဘုရင်) ကို မခံချိမခံသာ ဖြစ်အောင် သရော်ခဲ့သည်။ သူသည် အလွန်ခမ်းနားပြီး အလွန်လွတ်လပ်ကာ အလွန်ဉာဏ်များသည့် ကဗျာများကို ရေးဖွဲ့ခဲ့သည်။ သူ၏ကဗျာများတွင် သူ့အတွေးများ၏ အန္တရာယ်ကြီးမားလှသည့် လွတ်မြောက်မှုတစ်ရပ်ကို တွေ့ရှိရသည်။ သူသည် ကြီးကြီးသေးသေး အာဏာရှင်မှန်သမျှကို ဗြောင်းဆန်အောင် သရော်ခဲ့သူဖြစ်သည်။ သူ့အား အလွန်စောသည့် နိုင်ငံရေး အနုပညာသမားတစ်ဦးဟု ဆိုနိုင်သည်။
အခြားအနုပညာ ပုံသဏ္ဌာန်တစ်ရပ်ဖြစ်သော ရုပ်ရှင်နယ်ပယ်၌ ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်ကို ဖုံးကွယ်၍ မထားနိုင်သော ရုပ်ရှင်များကို နိုင်ငံရေးရုပ်ရှင်များဟု ခေါ်ကြသည်။ သို့သော် နိုင်ငံရေး ရုပ်ရှင်များအား ၀ါဒဖြန့်ချိရေး သက်သက်ဟုကား မခေါ်နိုင်ပေ။ အခြားရုပ်ရှင်များနှင့် ကွဲပြား ခြားနားမှုသည် နိုင်ငံရေးဆန်ခြင်းသာမကဘဲ ၎င်းတို့၏ တင်ပြပုံနည်းလမ်းနှင့်လည်း သက်ဆိုင်နေသည်။ နေ့စဉ်ဘဝမှ ထွက်ပြေးမှုအဖြစ် ဖျော်ဖြေရေး သက်သက်မျှသာ ဖြစ်သည်ဟု ဝန်ခံထားသော အပြင်ပန်း၌ နိုင်ငံရေး မဆန်သည့် ထွက်ပြေးလွတ်မြောက်ရေးဝါဒီ ရုပ်ရှင်များသည်ပင်လျှင် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းဆောင်တာ တစ်ရပ်ရပ် ရှိနေတတ်သည်သာ။ နာဇီဂျာမနီခေတ်က အာဏာပိုင်များသည် ယင်းအချက်ကို ကောင်းစွာ သဘောပေါက်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ရေးဝါဒီ ရုပ်ရှင်ကားများကို တမင်ရည်ရွယ်ချက်ဖြင့် အကြီးအကျယ် ကြီးကြပ် ထုတ်လုပ်ခဲ့သည်။
အခြားဖျော်ဖြေရေး ရုပ်ရှင်ကားများတွင် (ဥပမာအားဖြင့် အနောက်တိုင်းရုပ်ရှင်များ) အိုင်ဒီယိုလိုဂျီဆိုင်ရာ ဘက်လိုက်မှုများဖြင့် သမိုင်းဆိုင်ရာ အရှိတရားကို ချိုးဖျက်ခဲ့သည့် အထောက်အထားများ တွေ့ရှိရသည်။ အနောက်တိုင်း ဂန္ထဝင်ရုပ်ရှင်ကားများကို ကြည့်ပါ က လူမည်းကောင်းဘွိုင်များကို သရုပ်ဖော်ခဲလှသည်။ အမှန်တကယ်၌ ကြီးမြတ်သည့် လူမည်းကောင်းဘွိုင်များ ရှိခဲ့နိုင်သည်သာ ဖြစ်၏။ ဟောလိဝုဒ်ရုပ်ရှင်လောက (အထွေထွေ သဘောအရ ကမ္ဘာ့ရုပ်ရှင်ကို လွှမ်းမိုးထားသည့်လောက) သည် လူမည်းများ၊ အမျိုးသမီးများ၊ မိန်းမလျာ/ယောကျ်ားလျာများနှင့် အလုပ်သမား လူတန်းစားများကို တလွဲတချော် ပုံဖော်ထားသည်ဟု စွပ်စွဲခံရမှု အများအပြားရှိသည်။ ပို၍အခြေခံကျကျ ကြည့်လျှင် ရုပ်ရှင်ကားအသီးသီး၏ အကြောင်းအရာများသည် နိုင်ငံရေးဆန်ရုံမျှမက ရုပ်ရှင်လောကဟူသည့် အင်စတီကျူးရှင်း ကိုယ်နှိုက်ကပင်လျှင် နိုင်ငံရေးဆန်လေသည်။
မည်သို့ပင်ဆိုစေ၊ အနုပညာပုံသဏ္ဌာန် အသီးသီးတို့သည် နိုင်ငံရေးနှင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်လျက် ရှိသည်သာဖြစ်ပြီး အားကြီးသူတို့အား ဖော်လံဖားလျက် ဘက်လိုက်ထားသည့် အနုပညာ လက်ရာတို့သည် ရေပွက်ပမာခဏနှင့် ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း လက်ရှိခေတ်၏ အရှိတရားကို သစ္စာရှိရှိ ထင်ဟပ်ထားသည့် အနုပညာလက်ရာတို့မှာမူ ခေတ်များစွာကို ဖြတ်သန်းလျက် တင်ကျန်ရစ်မည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
နိုဝင်ဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်








