ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ပထမအကြိမ် ပါတီညီလာခံကို ၂၀၂၀ ဖေဖော်ဝါရီတွင် ကျင်းပနိုင်ရန် ရည်မှန်း

ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ပထမအကြိမ် ပါတီညီလာခံကို ၂၀၂၀ ဖေဖော်ဝါရီတွင် ကျင်းပနိုင်ရန် ရည်မှန်း
Published 1 November 2019
ဉာဏ်လင်းထွန်း

ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ပထမအကြိမ် ပါတီညီလာခံကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် ရည်မှန်းထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။

မြို့နယ်အချို့တွင် ပါတီရုံးခွဲ ဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်းများ ပြုလုပ်ရန် ကျန်ရှိနေသေး၍ ၂၀၁၉ ခုနှစ်အတွင်း ပါတီညီလာခံ ကျင်းပနိုင်ဖွယ် မရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပထမအကြိမ် ပါတီညီလာခံ မဆောင်ရွက်ရသေးချိန်အထိ ပါတီကို ထိန်းကျောင်းသွားရန်နှင့် ပါတီညီလာခံကို အမြန်ဆုံးခေါ်ယူရန် စသည့် တာဝန်နှစ်ရပ်ကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ပါတီညီလာခံကို ဒီမိုကရေစီကျကျ ရွေးချယ်တင်မြှောက်မယ်။ အဲဒီမှာ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီတွေ ထပ်ပြီးရွေးမှာပေါ့။ အဲဒီမှာ အခု လက်ရှိထဲက တချို့လည်း ပါသွားနိုင်တယ်။ တချို့ကတော့ အပြောင်းအလဲဖြစ်သွားနိုင်တယ်” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒေါက်တာတူးဂျာက ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်တို့ ပူးပေါင်းထားသည့် နိုင်ငံရေးပါတီဖြစ်သည်။

ပါတီ သုံးခုပူးပေါင်းပြီး ပါတီတည်ထောင်ခွင့်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်လျှောက်ထားခဲ့ပြီး ပါတီတည်ထောင်ခွင့်ကို ဧပြီလနှင့် ပါတီမှတ်ပုံတင်ကို ဇွန်လတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ ရရှိထားပြီး ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင် မည့်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများကို ပါတီညီလာခံပြီးမှ စတင် လုပ်ဆောင်ဖွယ်ရှိိကြောင်း ဒေါက်တာတူးဂျာက ဆိုသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီနည်းတူ ကရင်၊ ကယား၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားပြည်နယ်များမှ နိုင်ငံရေးပါတီများလည်း ပါတီပေါင်းစည်းရေး လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ တိုင်းရင်းသားပြည်နယ် ငါးခုမှ ပေါင်းစည်း တိုင်းရင်းသားပါတီများ အနေဖြင့် လက်ရှိတွင် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများအဖြစ် ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) တို့ ရှိနေသည်။

 

 

Most Read

Most Recent