အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်အချို့ တက်ရောက်မည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အင်အား ၁၇၀၀၀ ကျော်ဖြင့် ဘန်ကောက်မြို့တွင် လုံခြုံရေး တင်းကျပ်ထား

အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်အချို့ တက်ရောက်မည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အင်အား ၁၇၀၀၀ ကျော်ဖြင့် ဘန်ကောက်မြို့တွင် လုံခြုံရေး တင်းကျပ်ထား
Published 31 October 2019
ကျော်ဇောလင်း၊  ကျော်ဇင်ဝင်း

အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်အချို့ တက်ရောက်မည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အင်အား ၁၇၀၀၀ ကျော်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရသည်။

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးပွဲများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် ကျင်းပပြုလုပ်လျက် ရှိသည်။

ထိုင်းနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌနေရာ ရယူထားပြီး ဘန်ကောက်တွင် ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲများသို့ နိုင်ငံတကာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀၀၀ ကျော်ခန့်  လာရောက်ကြမည် ဖြစ်သည်။

ဒေသတွင်းရှိ ဝန်ကြီးအချို့၏ ဆွေးနွေးပွဲများကို အောက်တိုဘာ ၃၁ ရက်က စတင်ပြုလုပ်ခဲ့သည်။

ထိပ်သီး အစည်းအဝေးပွဲကာလအတွင်း အစည်းအဝေးကျင်းပရာ အနီးတစ်ဝိုက်ရှိ နေရာအချို့တွင် လုံခြုံရေးအရ ပိတ်ဆို့စစ်ဆေးမှုများနှင့် လမ်းမအချို့ကိုလည်း အချိန်ပိုင်းပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က အသိပေးထားသည်။

ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း လုံခြုံရေး ရယူထားမှုနှင့်ပတ်သက်၍ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့၏ ဒုရဲချုပ် ဗိုလ်ချုပ်ဆူဝပ်က “ရဲနဲ့ စစ်တပ် ပူးပေါင်းအင်အား ၁၇၀၀၀ ကျော်က ဆွေးနွေးပွဲကျင်းပရာ အဆောက်အအုံ နေရာတွေ၊ ဧည့်သည်တော်များ တည်းခိုမည့် ဟိုတယ်တွေနဲ့ အသွားအလာ နေရာတွေမှာ လုံခြုံရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လုံခြုံရေးကို ပြည်သူတွေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့နဲ့ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပရာမှာ အောင်မြင်စေဖို့ ပါဝင်ကူညီဖို့အတွက် တိုက်တွန်းပါတယ်။ မသင်္ကာဖွယ်ရာ အခြေအနေတွေ သိရှိတဲ့အခါမှာလည်း ရဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့ တိုက်တွန်းပါတယ်”ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လမ်းမအချို့ကို လုံခြုံရေးအရ ပိတ်ထားမည် ဖြစ်သော်လည်း အချိန်ပိုင်းနှင့် အဖွင့်အပိတ်လုပ်ကာ အများပြည်သူ သွားလာရေး အဆင်ပြေစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မကြာသေးမီကပင် ဘန်ကောက်၌ အကြီးအကဲများ၏ အစည်းအဝေးကာလအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည့်အတွက် လုံခြုံရေးအရ အထူးဂရုစိုက်ရန် လိုအပ်ကြောင်း မီဒီယာများတွင် ဝေဖန်လျက်ရှိသည်။

ပြီးခဲ့သည့် သြဂုတ် ၂ ရက်က ဘန်ကောက်မြို့အတွင်း လူစည်ကားရာ လမ်းမအချို့၊ အစိုးရရုံးဝန်းနှင့် ရဲတပ်ဌာနချုပ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နေရာ ခြောက်နေရာ၌ ဗုံးများ တစ်ပြိုင်နက် တွေ့ရှိခဲ့ပြီး ငါးနေရာ ပေါက်ကွဲခဲ့သည်။

ယခုကျင်းပလျက်ရှိသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးပွဲများသို့ ဒေသတွင်း ခေါင်းဆောင်များ နှင့် တရုတ်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား စသောနိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ ဆွေးနွေးပွဲများကို အောက်တိုဘာ ၃၁ ရက်မှ စတင် ကျင်းပလျက်ရှိပြီး နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲများကိုမူ နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် ဆက်စပ် အစည်းအဝေးပွဲများသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent