အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောကြား

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောကြား
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 31 October 2019
 ဇေယျာငြိမ်း

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာမှ စက်မှုလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် ဒေသတွင်း အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း အောက်တိုဘာ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြောကြားသည်။

“အခုချိန်မှာ Trade War (ကုန်သွယ်မှုစစ်ပွဲ)ကြောင့် အရမ်းလောနေတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေက သူတို့သုံးလအတွင်းမှာ စက်ရုံရွှေ့ချင်တယ်။ သူတိို့ကို စက်မှုဇုန်ပေး။ ပေးတဲ့အခါကျတော့ သူတို့က တောင်းတာက ဧက ၅၀၊ ၁၀၀ တောင်းတယ်။ ဒီမှာရှိပြီးသား စက်မှုဇုန် ၂၉ ဇုန်မှာ ကြည့်လိုက်လို့ရှိရင် တစ်ဧကအကွက်တို့၊ နှစ်ဧကအကွက်တို့က သူတို့အတွက် အဆင်မပြေဘူး။ မပြေတဲ့အခါကျတော့ ၅၀၊ ၁၀၀ အကွက်ပေးပါဆိုတဲ့အခါကျတော့ တစုတစည်းတည်း မရှိဘူး။ တစုတစည်းတည်းပြထားတဲ့ဟာကျတော့ အဆင့်ဆင့်ပြည်သူသဘောတူရမယ်။ လွှတ်တော်သဘောတူရမယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူရမယ်။ အဲဒီအဆင့်ဆင့်တွေက ကျွန်မတို့က ခြောက်လအနည်းဆုံးကြာမယ်။ ဒါတောင် ဘယ်နေရာမှ Delay မဖြစ်မှ။ အဲဒီခြောက်လဆိုတာကို တော်တော်များများက မစောင့်နိုင်ကြဘူး။ မစောင့်နိုင်တဲ့အခါကျတော့ ဗီယက်နမ်တို့၊ လာအိုတို့၊ ကမ္ဘောဒီးယားတို့၊ ထိုင်းတို့၊ စင်ကာပူတို့၊ မလေးရှားတို့ အကုန်ထွက်ကုန်ကြရော။ ကျွန်မတို့က ဒီလုပ်ငန်းစဉ်တွေက မဖြတ်လည်းမရဘူးလေ။ ပြည်သူသဘောတူရမယ်၊ လွှတ်တော်သဘောတူရမယ်။ ဒီအချက်တွေ ဆက်လုပ်ရမှာဖြစ်တဲ့အတွက် ခြောက်လတော့ အနည်းဆုံးကြာမယ်” ဟု ဝန်ကြီးနော်ပန်းသဥ္ဇာမျိုးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ထန်းတပင်စက်မှုဇုန်နှင့် လှည်းကူးစက်မှုဇုန်တို့ကို လွှတ်တော်မှ အတည်ပြုထားပြီးဖြစ်သည်။ ထန်းတပင်စက်မှုဇုန်သည် အထည်ချုပ်၊ ရှူးဖိနပ်နှင့် နည်းပညာပိုင်းဆိုင်ရာ LED Screen ထုတ်လုပ်မှု စသည့်သုံးခုကို အဓိကထားထုတ်လုပ်မည်ဖြစ်ပြီး လှည်းကူးစက်မှုဇုန်သည် ပြည်ပသွင်းကုန် အစားထိုး လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ စသည်တို့ကို အဓိကထုတ်လုပ်သွားမည် ဖြစ်သည်။

ထို့ပြင် လက်ရှိတွင် သန်လျင်၌စက်မှုဇုန် တည်ထောင်ရန်အတွက် ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ လာရောက်ဆွေးနွေးမှုများပြုလုပ်ထားကြောင်း၊ အဆိုပါသန်လျင်စက်မှုဇုန် တည်ထောင်ပြီးပါက အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုပေးနိုင်သည့် အထည်ချုပ်လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းများကို အဓိကလုပ်ဆောင်သွားမည်ဟု သိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် စက်မှုဇုန်များ၏ လက်ရှိအခြေအနေများကို ဒေသခံပြည်သူများသိရှိအောင် သတင်းထုတ်ပြန်ပေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်တည်ထောင်ရန် လျာထားသည့်မြေနေရာများတွင် ငွေရှင်ကြေးရှင်များက လယ်ယာမြေများ လာရောက်ဝယ်ယူနေမှုများကို တောင်သူလယ်သမားများအနေဖြင့် မရောင်းချရန် သြဂုတ် ၁၃ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်ရှိကြောင်းနှင့် ယင်းစက်မှုဇုန်များ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent