ဂူတာပြင်ကျေးရွာဖြစ်စဉ် အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တပ်မတော် စုံစမ်းစစ်ဆေးရေး ခုံရုံးက ထင်မြင်ယူဆချက် ပေးခဲ့သည့်အတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ရေး စတင်ဆောင်ရွက်နေကြောင်း တပ်မတော် သတင်းထုတ်ပြန်

ဂူတာပြင်ကျေးရွာဖြစ်စဉ် အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တပ်မတော် စုံစမ်းစစ်ဆေးရေး ခုံရုံးက ထင်မြင်ယူဆချက် ပေးခဲ့သည့်အတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ရေး စတင်ဆောင်ရွက်နေကြောင်း တပ်မတော် သတင်းထုတ်ပြန်
Published 30 October 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံးက ထင်မြင်ယူဆချက် ပေးခဲ့သည့်အတွက် စစ်တရားရုံးဖြင့် စစ်ဆေးပြီး တရားစီရင်နိုင်ရေး စတင်ဆောင်ရွက်နေကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

တပ်မတော်အက်ဥပဒေ (The Defence Services Act)၊ တပ်မတော်နည်းဥပဒေများ (The Defence Services Rules) နှင့်အညီ ဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ၏ စစ်ဆေးတွေ့ရှိချက်အရ ဂူတာပြင်ကျေးရွာဖြစ်စဉ် အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု စုံစမ်းစစ်ဆေးရေးခုံရုံးက ထင်မြင်ယူဆချက်ပေးခဲ့သည့် ဖြစ်စဉ်အချို့ ရှိခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဖြစ်စဉ်တို့အပေါ် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ရေးအတွက် စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ (Process of Military Justice) အတိုင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ယင်းသို့ ဆောင်ရွက်ရာတွင် သက်သေခံ အကျဉ်းချုပ် (Summary of Evidence) ရေးမှတ်ယူခြင်းကို ဆောင်ရွက်လျက်ရှိကာ ဥပဒေအကြံပြုချက် တောင်းခံခြင်း၊ စစ်တရားရုံး ဖွဲ့စည်းခြင်းနှင့် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာ ပါသလိုပါပဲ သက်သေခံ အကျဉ်းချုပ် စတင်ပြီး ရေးမှတ်နေပါတယ်။ သက်သေခံ အကျဉ်းချုပ် ဆိုတာကတော့ သက်သေတွေဆီက ခိုင်မာတဲ့ သက်သေတွေ သူတို့ရဲ့ ထွက်ဆိုချက်တွေ ရယူတုန်းပဲ ရှိပါသေးတယ်။ အဲဒီ သက်သေခံ အကျဉ်းချုပ် ရပြီဆိုရင် ကျွန်တော်တို့ စစ်တရားရုံးနဲ့ စစ်တရားရုံး အဖွဲ့အစည်းတွေက ဆုံးဖြတ်တာတွေ ဆက်လက်ပြီး လုပ်သွားပါမယ်။ ပြီးရင်လည်း ကျွန်တော်တို့က အဲဒီထဲမှာ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဒါက အဲဒီအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးရဲ့ လုပ်မယ့်ဟာတွေက ကျွန်တော်တို့ ဒီကိစ္စတစ်ခုတည်းတင် မဟုတ်ပါဘူး။ သူက အားလုံးအတွက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက်ထပ်ဟာကိုလည်း ကျွန်တော်တို့ ထပ်မံပြီးတော့ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အားလုံးအတွက်ဆိုတာ အဲဒီမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်အကုန်လုံးကို သူကသုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟု ယခုသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

 စုံစမ်းစစ်ဆေးရေးခုံရုံး အနေဖြင့်လည်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက အာဆာအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဖြစ်ပွားခဲ့သော မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အာဆာ အကြမ်းဖက်အဖွဲ့တို့၏ ပဋိပက္ခအတွင်း ဘင်္ဂါလီ အများအပြားအား သတ်ဖြတ်ကာ နေရာငါးခုတွင်ခွဲ၍ မြေမြှုပ်ခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

တပ်မတော် နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) အဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၅ ရက်အထိ ဒုတိယအကြိမ် သွားရောက် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သြဂုတ် ၃၀ ရက်တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးခဲ့သည့် နှစ်ကြိမ်အတွင်း စစ်ဆေးတွေ့ရှိချက်များအရ ဂူတာပြင်ကျေးရွာ ဖြစ်စဉ်အချို့တွင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းခဲ့သဖြင့် စစ်စည်းကမ်းအရ အရေးယူရန် အခြေအနေ ပေါ်ပေါက်ကြောင်း တွေ့ရှိရသည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သြဂုတ် ၃၀ ရက် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် စစ်တရားရုံး (Court-Martial) ဖြင့် ဆက်လက်စစ်ဆေး စီရင်နိုင်ရေးအတွက် စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံး အနေဖြင့် ကျန်ရှိနေသေးသည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိသည်ဟု သြဂုတ် ၃၀ ရက်တွင် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent