မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
  လက်ရှိတွင် ဖွင့်လှစ်ပြီးဖြစ်သည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း လမ်းပိုင်းအားတွေ့ရစဉ်
လက်ရှိတွင် ဖွင့်လှစ်ပြီးဖြစ်သည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း လမ်းပိုင်းအားတွေ့ရစဉ်
Published 30 October 2019
ရွှန်းလဲ့ဝင်း

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေများအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အောက်တိုဘာ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA မှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့တွေဆုံရာတွင် ဂျပန်နိုင်ငံအကူညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ တိုးတက်မှုအခြေအနေနှင့် ထိုရထားလမ်းပိုင်းတွင် အသုံးပြုမည့် လူစီးရထားတွဲများ အချိန်မှန်ရရှိရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“အဓိကကတော့ ဂျပန်နိုင်ငံအကူအညီနဲ့ ဆောင်ရွက်နေတဲ့  ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းနဲ့ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းတွေရဲ့ တိုးတက်မှုအခြေအနေ၊ အဲဒီရထားလမ်းပိုင်းတွေမှာ အသုံးပြုမည့် လူစီးရထားတွဲတွေ အချိန်မီရရှိရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

JICA ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေနှင့် နိုင်ငံဘဏ္ဍာငွေမှ ကျခံသုံးစွဲ၍ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအား အဆင့် ၁ ရန်ကုန်-တောင်ငူ ၁၆၆ မိုင်နှင့် အဆင့် ၂ တောင်ငူ-မန္တလေး ၂၁၉ မိုင်ဟူ၍ အဆင့်နှစ်ဆင့်ခွဲခြားသတ်မှတ်ပြီး ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

စီမံကိန်း အဆင့် ၂ ဖြစ်သည့် တောင်ငူ- မန္တလေးလမ်းပိုင်းအတွက် စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုလုပ်ငန်းများအား ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် မေလမှစတင်ကာ အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းအား ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်သည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း(အဆင့်-၁)ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်အား ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး တောင်ငူ-မန္တလေးလမ်းပိုင်း ၂၁၉ မိုင် အဆင့်မြှင့်တင်မှုအား ၂၀၁၉ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင် JICA မှ ချေးငွေအမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံသုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်လုပ်ဆောင်သွားရန် ကနဦး လျာထားသည်။

မြန်မာ့မီးရထားမှဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများအားလုံး လာမည့် ၂၀၂၂ ခုနှစ်တွင် အလုံးစုံပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းပြီးစီးပါက မြို့ပတ်ရထားတစ်စီးနှင့်တစ်စီး ၁၀ မိနစ်မှ ၁၂ မိနစ်ခြားစီ ပြေးဆွဲမည်ဖြစ်ပြီး မြို့တစ်ပတ်ကြာချိန်အား လျှော့ချနိုင်မည်ဖြစ်ကာ ရထားစီးခရီးသည် ၂၄၀၀၀၀ ခန့်အား သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး မြို့ပြလုပ်ငန်းများ ၂၀၂၂ ခုနှစ် မတ်လတွင် ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ယခုဆောင်ရွက်နေသော ရထားလမ်းပိုင်းတွင် သံလမ်းတာပေါင်စည်းရိုး သံလမ်းကြား ကွန်ကရစ်ရေမြောင်းတပ်ဆင်ခြင်းနှင့် သံလမ်းကူးနေရာ စသည့်အဆင့်မြှင့်လုပ်ငန်းတို့သည် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မီးရထားအချက်ပြ စနစ်တပ်ဆင်ခြင်းနှင့် မီးရထားတွဲဆိုင်းများ ကဏ္ဍအတွက် JICA မှ အမေရိကန်ဒေါ်လာ ၁၀၇ သန်းချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

 

Most Read

Most Recent