တန်ဆောင်မုန်းလ၏ ပွဲတော်များ

တန်ဆောင်မုန်းလ၏ ပွဲတော်များ
Published 29 October 2019

တန်ဆောင်မုန်းလသည် မီးရှူး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်း တောက်ပစေသော လဖြစ်၏။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလ၌ ကထိန်ပွဲတော်ကို အစဉ်အလာမပြတ် ကျင်းပလာခဲ့ကြသည်။ “ကထိန်” သည် “ကထိန” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်၏။ ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသော အမည်ဝေါဟာရပင် ဖြစ်သည်။

မြတ်စွာဘုရားသည် ပါဝေယျတိုင်းသား၊ ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ ရဟန်းတော်များ အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းစွာ သွားနိုင်ကြပါစေ၊ သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြပါစေ”ဟူသော ရည်ရွယ်ချက် ထားရှိခဲ့သကဲ့သို့ ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာအတိုင်း ကထိန်သင်္ကန်းအလှူသည် ထူးခြားသော ၀ိနည်းကံနှင့်အညီ လှူရသောကြောင့် ထူးခြားသော အလှူဖြစ်၏။ ကထိန်သင်္ကန်း ကပ်လှူပွဲ ခွင့်ပြုသော ကာလမှာ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီ၊ ခါးဝတ်သင်းပိုင်ဟူသော သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်တည်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ပြုသည်။ ထိုသုံးထည်သော သင်္ကန်းတို့တွင်လည်း အလှူရှင်က မိမိအလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏတို့ကို ရည်မှန်း၍ လှူဒါန်းခြင်း မပြုရပေ။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ် ကို လှူဒါန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ ထို့ကြောင့် ကထိန်အလှူရှင်သည် မိမိပိုင် သင်္ကန်းတစ်ထည်ထည်ကို သံဃာရှေ့မှောက်သို့ အရောက်ဆောင်၍ ဤကထိန် လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏” ဟူ၍လည်းကောင်း၊ ဤကထိန် လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ” ဟူ၍လည်းကောင်း နှုတ်မြွက်၍ လှူဒါန်းရမည်ဖြစ်သည်။

၀ါတွင်းကာလ၌ ၀ါမကျိုးမပြတ်အောင် စောင့်စည်းထိန်းသိမ်း နေထိုင်ကြသည့် သံဃာတော်များအား ချီးမြှောက် ဂုဏ်ပြုသည့်အနေဖြင့် ထိုအာနိသင် (အကျိုးသက်ရောက်မှု) ငါးမျိုးကို တပေါင်းလပြည့်တိုင်အောင် ငါးလကျယ်ပြန့်စွာ ရရှိစေရန် ပြုလုပ်ခြင်းကိုက ထိန်ခင်းခြင်းဟု ခေါ်သည်။ ကထိန်အာနိသင် ငါးမျိုးသည် ကထိန်သင်္ကန်းတည်းဟူသော ဝတ္ထုပစ္စည်းကြောင့် ရဟန်းတော်များ လိုက်နာကျင့်သုံးရသည့် သိက္ခာပုဒ်အချို့ ခေတ္တခဏ ကင်းလွတ် သက်သာခွင့်ရသွားခြင်း ဖြစ်သည်။ ဤသည်ကိုပင် ဘုရားရှင်တို့ ချီးမွမ်းခြင်း ဖြစ်၏။ မြတ်စွာဘုရား၏ အာဏာစက်ဖြစ်သည့် ၀ိနည်းသိက္ခာပုဒ်တို့ကို ခေတ္တခဏ ပယ်နုတ်နိုင်သည်မှာ ကထိန်အလှူ တစ်ခုတည်းသာ ရှိပေသည်။

ပံ့သကူပစ်ပွဲသည်လည်း တန်ဆောင်းမုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပံ့သကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများ ကွယ်ရာတွင် ဖြစ်စေ၊ ညမှောင်ချိန်တွင် ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့ အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ် လှူဒါန်းကြသော ပွဲမျိုးဖြစ်သည်။ ပံ့သကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓူတင် ၁၃ ပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည့် ပံ့သကူဓူတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။ ပံ့သကူဓူတင်အကျင့် ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကို ပယ်၍ လူတို့ စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။

ဤတန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ကုသိုလ်ကောင်းမှုပြုရာ ပွဲတော်အများဆုံးသော ကာလဖြစ်ပြီး ကုသိုလ်ကောင်းမှုဟူသည် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်သောကြောင့် ဤတန်ဆောင်မုန်း အခါသမယ၌ မိမိတို့ တတ်အားသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို ဖြည့်ကျင့်ပြုလုပ် ပွားများ အားထုတ်နိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက် ရပါသည်။

အောက်တိုဘာ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent