သီလဝါအထူးစီးပွားရေးဇုန်တွင် တစ်နေ့လျှင် တန်ချိန် ၁၂၀၀ အထိ ထုတ်လုပ်နိုင်မည့် မြန်မာနိုင်ငံ၏ အကြီးဆုံးဆန်စက်ရုံအား Wilmar Myanmar မှ တည်ဆောက်မည်

သီလဝါအထူးစီးပွားရေးဇုန်တွင် တစ်နေ့လျှင် တန်ချိန် ၁၂၀၀ အထိ ထုတ်လုပ်နိုင်မည့် မြန်မာနိုင်ငံ၏ အကြီးဆုံးဆန်စက်ရုံအား Wilmar Myanmar မှ တည်ဆောက်မည်
 Wilmar Myanmar ၏ စားသုံးဆီထုပ်ပိုးပြုလုပ်သည့် စက်ရုံနှင့် ဂျုံစက်ရုံကို တွေ့ရစဉ်
Wilmar Myanmar ၏ စားသုံးဆီထုပ်ပိုးပြုလုပ်သည့် စက်ရုံနှင့် ဂျုံစက်ရုံကို တွေ့ရစဉ်
Published 28 October 2019
ရွှန်းလဲ့ဝင်း

သီလဝါအထူးစီးပွားရေးဇုန်တွင် တစ်နေ့လျှင် တန်ချိန် ၁၂ဝဝအထိ ထုတ်လုပ်နိုင်မည့် မြန်မာနိုင်ငံ၏ အကြီးဆုံးဆန်စက်ရုံအား Wilmar Myanmar မှ တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Wilmar Myanmar သည် သီလဝါအထူးစီးပွားရေးဇုန်တွင် တစ်နေ့လျှင် ၄၆၀ မက်ထရစ်တန်ထွက်သည့် စားသုံးဆီထုပ်ပိုးပြုလုပ်သည့် စက်ရုံနှင့် ၅၃၀ မက်ထရစ်တန် ထွက်ဂျုံစက်ရုံအား အောက်တိုဘာ ၂၇ ရက် က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဂျုံစက်ရုံနှင့် စားသုံးဆီထုပ်ပိုး ပြုလုပ်သည့် စက်ရုံဖွင့်ပွဲအခမ်းအနားတွင်  မြန်မာနိုင်ငံ၏ အကြီးမားဆုံးဖြစ်လာမည့် ခေတ်မီအဆင့်မြင့် ဆန်စက်ရုံဆောက်လုပ်ရန် မြေပန္နက် ရိုက်ဖွင့်ပွဲအခမ်းအနားကိုလည်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆန်စက်ရုံအား တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင် အကြီးဆုံးဆန်စက်ရုံတစ်ခု ဖြစ်လာမည်ဖြစ်ပြီး အရည်အသွေးမီဆန်များအား ကြိတ်ခွဲကာ ပြည်တွင်းစျေးကွက်တွင်သာမက ပြည်ပနိုင်ငံများအထိပါ သီလဝါဆိပ်ကမ်းမှတစ်ဆင့် တင်ပို့နိုင်မည်ဖြစ်သည်။

“မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ဒုတိယမြောက်မြေဧရိယာအကျယ်အဝန်းရှိ နိုင်ငံဖြစ်ပြီး မြေဆီမြေသြဇာကောင်းမွန်ခြင်း၊ မိုးရေချိန်များပြားခြင်း စတဲ့ကောင်းကျိုးများအပြင် ထက်မြတ်ပြီး အလုပ်ကြိုးစားကြတဲ့ လူဦးရေ ၅၄ သန်းလည်း ပိုင်ဆိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုမြန်ဆန်တဲ့ စီးပွားရေးနဲ့ စိုက်ပျိုးရေးအလားအလာကောင်းတွေကို ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်။ အဲဒီအလားအလာကောင်းတွေကို အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်းစိုက်ပျိုးရေးသွင်းကုန်တွေအပြင် ပြည်တွင်း ပြည်ပ စျေးကွက်တွေကိုပါ ပြည့်ဝပြီး အကျိုးများတဲ့ အဆင့်မြင့်ပေါင်းစပ်ထုတ်လုပ်မှု ပုံစံဖော်ဆောင်ခြင်းက အဲဒီအလားအလာကောင်းတွေကို ပုံဖော်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်” ဟု Wilmar International Limited ၏ CEO ဖြစ်သူ Mr. Kuok Khoon Hong က ဖွင့်ပွဲအခမ်းနားတွင် ပြောကြားသည်။

ယင်းပြင် Wilmar Myanmar သည် သီလဝါဆိပ်ကမ်းတွင် နိုင်ငံတကာအဆင့်မီ အထွေထွေကုန်စည် ကောက်ပဲသီးနှံ တင်ချဆိပ်ခံတံတားနှင့် ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းဖြစ်သည့် Wilmar Jetty အား ၂၀၁၈ ခုနှစ် မတ် ၂၅ ရက်က ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာပိုင်နှင့် စင်ကာပူနိုင်ငံအခြေစိုက် Wilmar Co. Ltd တို့အကြား BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းဒေသရှိ Wilmar Jetty ၌ အထွေထွေကုန်စည်တင်သင်္ဘောများပါ ဆိုက်ကပ်၍ ဆိပ်ကမ်းလုပ်ငန်းများ လက်ခံဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Wilmar Jetty သည် ပထမအဆင့် ဆိပ်ကမ်းတည်ဆောက်မှုပြီးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်းစီမံကိန်းတစ်ခုလုံးအား ၂၀၂၂ ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါဆိပ်ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေကွက်များတွင် နိုင်ငံတကာအဆင့်မီ အထွေထွေကုန်စည် ကောက်ပဲသီးနှံ တင်ချဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံတည်ဆောက်ရန် Wilmar Myanmar Port Terminals မှ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုချက်အား ရရှိလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် စာချုပ်လက်မှတ်ရေးထိုးပြီး ၂၀၁၆ ခုနှစ် မတ်လတွင်စတင်ကာ သီလဝါဧရိယာ၊ ဆိပ်ကမ်းမြေကွက်အမှတ် ၂၀ နှင့် ၂၁ တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ  ၇၉ သန်းရင်းနှီးမြှုပ်နှံသွားမည်ဟုသိရသည်။

Whlmar Jetty သည် စုစုပေါင်း အလျား ၂၃၄ မီတာ၊ အကျယ် ၂၅ မီတာရှိပြီး ထပ်မံ၍ ဆိပ်ခံတံတားအရှည် ၃၉၀ မီတာအထိ တည်ဆောက်သွားမည်ဖြစ်ကာ ရေအနက် ၁၃ မီတာရှိကြောင်း သိရသည်။ သင်္ဘောအရွယ် ၄၉၀၀၀ DWT ရှိ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်အထိ ဆောက်လုပ်သွားမည်ဟု သိရသည်။                              

 

 

Most Read

Most Recent