လက်ရှိတွင် တရုတ်သို့ တင်ပို့နေသော ဆန်သည် အရည်အသွေး လိုအပ်ချက် ရှိနေသဖြင့် စျေးကွက်ဝေစုနှင့် စျေးနှုန်းရရှိမှု အားနည်းနေသောကြောင့် အရည်အသွေး မြှင့်တင်မှုနှင့် ဆန်အမျိုးအစားများကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း (၂၀၁၉-၂၀၂၀) ဗဟိုအလုပ် အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ၏ ၁/၂၀၁၉ အစည်းအဝေးမှ သိရသည်။
“ဆန်အိတ်ပေါင်း သိန်း ၂၀ လောက်ရှိတဲ့ သူတို့ဂိုဒေါင်ကြီးတွေ ကျွန်တော်သွားကြည့်တဲ့ အချိန်မှာ မြန်မာ့ဆန်က နည်းနည်းပဲပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာဆန်က စျေးကွက်မရှိဘူး။ စျေးကွက်မရှိတဲ့အပြင် ဒီက Double Polish ဆိုတာ သူတို့ဟိုမှာက ရိုးရိုးကြိတ်သလောက်ပဲရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ အရည်အသွေး အဲဒီလောက်ကွာတယ်။ အရည်အသွေး အဲဒီလောက်ကွာတဲ့ ဆန်ကို သူတို့ကလည်း စားသုံးတဲ့အဆင့် မဟုတ်ဘူး။ ဆန်မှုတ်ကြိတ်တဲ့ဆန်ကို သူတို့လည်း ဘယ်လိုမှ စားတဲ့ဆန်အတိုင်း စျေးမပေးနိုင်ဘူး။ စားသုံးနိုင်တဲ့ အဆင့်ဖြစ်အောင် စျေးကွက်တစ်ခုရအောင် ကျွန်တော်တို့က ထုတ်လုပ်ရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ဆန်စားသုံးသူ ဦးရေများသော နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယ်နိမိတ် ချင်းထိစပ်နေသော နိုင်ငံတစ်ခုဖြစ်သည်။ အဆိုပါ စျေးကွက်အားသာချက်များ ရှိနေသော်လည်း မြန်မာနိုင်ငံဘက်မှ အရည်အသွေးပိုင်းနှင့် စျေးကွက်ဝင် ဆန်အမျိုးအစားများကို တင်ပို့နိုင်မှု အားနည်းနေသေးကြောင်း သိရသည်။
“ပြည်နယ်တစ်ခုတစ်ခုမှာ လူဦးရေ သန်း ၁၀၀ ကျော်ရှိပါတယ်။ ကျွန်တော်သွားခဲ့တဲ့ ပြည်နယ်ဆိုရင် သန်း ၂၀၀ ရှိပါတယ်။ လူဦးရေသန်း ၂၀၀ ရဲ့တစ်နေ့စားသုံးတဲ့ ဆန်နှုန်းက နည်းတာမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာက လူဦးရေသန်း ၅၀ ကျော်ပဲရှိတယ်။ သူတို့ရဲ့ လေးပုံတစ်ပုံပဲရှိတယ်။ သူတို့ရဲ့ လေးပုံက ဘယ်လောက် ဆန်စားမလဲဆိုတာ ခန့်မှန်းကြည့်။ အဲဒီစျေးကွက်ကြီး ရှိလျက်သားနဲ့ အဲဒီစျေးကွက်ကို ကျွန်တော်တို့ ရောက်အောင် မရောင်းနိုင်ဘူးဆိုတာ ကျွန်တော်တို့ရဲ့ အားနည်းချက်ပါ” ဟု ဦးကျော်ဝင်းက ဆိုသည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်အမျိုးအစား တစ်ခုကို နမူနာအဖြစ် မြန်မာနိုင်ငံသို့ တင်သွင်းလာပြီဖြစ်ကြောင်း သိရသည်။
“အဲဒီမျိုးကို ကျွန်တော်တို့ စက်ပိုင်တွေအားလုံး လုပ်နိုင်ကိုင်နိုင်တဲ့ အပေါ်ကို အားလုံးကို ဖြန့်ပေးပါမယ်။ ဖြန့်ပေးပြီးတော့ အာမခံစျေးနှုန်း တစ်ခုနဲ့ အကုန်လုံး ပြန်ဝယ်နိုင်အောင် လုပ်မှာပါ။ ပြီးတော့ အဲဒါကလည်း တစ်ကဏ္ဍ အဲဒီလိုလုပ်မှ စျေးကွက်ရမယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံသို့ အဆိုပါ ဆန်အမျိုးအစား တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၇၀ မှ ၅၀၀ အထိ ရောင်းချနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ၅ မှတ်ဆန်အမျိုးအစားသည် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၅၀ မှ ၃၆၀ ဝန်းကျင်သာ ရရှိနေခြင်းဖြစ်သည်။ အဆိုပါ ဆန်အမျိုးအစားကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မည် ဆိုပါက တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၅၀ အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည်။
သို့သော် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ ဒသမ ၆ သန်း နီးပါးတင် ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုသည် ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တင်ပို့မှု တန်ချိန် ၁ ဒသမ ၂ သန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိက စျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။










