၂၀၂၀ စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ Trading Across Borders Ranking (ပြည်ပကုန်သွယ်မှု ဆောင်ရွက်ခြင်းကဏ္ဍ) သည် ယခင်နှစ်အတိုင်း သတ်မှတ်အောင်မှတ် အောက်တွင်သာ ဆက်လက် ရပ်တည်နေသောကြောင့် လာမည့် ၂၀၂၁ ခုနှစ်တွင် ရမှတ်တိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ပြုလုပ်သည့် Trading Across Borders Ranking တိုးတက်ရေး မော်တော်ယာဉ် အပိုပစ္စည်း တင်သွင်းသူများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးမှ သိရသည်။
“ဒီနှစ်ရဲ့ Indicator ကို လွန်ခဲ့တဲ့ နှစ်ရက်က ထုတ်ပြန်ပါတယ်။ ကျွန်တော်တို့က တစ်မှတ်မှလည်း မတိုးဘူး။ ဒသမတစ်မှလည်း မတိုးဘူး။ ဒီအတိုင်းပဲ တည်ရှိနေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီဟာကို ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ကိုယ် ကျွန်တော်လည်း အရှက်ရစေပါတယ်။ နောက်နှစ် ၂၀၂၁ခုနှစ် Indicator လုပ်ဖို့ကို ကျွန်တော်တို့ အချိန်ကိုးလရှိပါတယ်။ အဲဒီအတွင်းမှာ ကျွန်တော်တို့ တိုးတက်အောင် လုပ်မယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်း (Ease of Doing Business) မြန်မာနိုင်ငံ၏ Trading Across Borders Ranking ရမှတ် ၄၇ ဒသမ ၆၇ သာရရှိထားပြီး နိုင်ငံပေါင်း ၁၈၀ ကျော်အနက် ၁၆၈ တွင် ရပ်တည်လျက်ရှိသည်။
“၂၀၁၉ မှာ မြန်မာရရှိတဲ့ အမှတ်က ၄၇ မှတ်ပဲရတယ်။ စာမေးပွဲတွေက ၅၀ ကျော်မှ အောင်တာပေါ့နော်။ နိုင်ငံပေါင်း ၁၈၀ ကျော် မှာ ၁၆၈ ရတာပေါ့နော်။ အောက်မှာပဲရှိတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်း (Ease of Doing Business) ၌ Trading Across Borders Ranking (ပြည်ပကုန်သွယ်မှု ဆောင်ရွက်ခြင်းကဏ္ဍ) အဆင့်သတ်မှတ်ရာတွင် ပို့ကုန်သွင်းကုန်များအတွက် ဆောင်ရွက်ရမည့် စာရွက်စာတမ်း၊ ထုတ်ကုန်သွင်းကုန် ရှင်းလင်းခြင်း စသည်တို့၌ လုပ်ငန်းဆောင်ရွက်မှု ကြာမြင့်ချိန်နှင့် ကုန်ကျငွေအချိုးကို တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်းမှာ ဥပမာပြောမယ်ဆိုရင် မြန်မာက Export လုပ်တဲ့နာရီက ၁၄၂ နာရီကြာတယ်။ ဒါက နာရီနဲ့ပြောတာပါ။ ဒေသတွင်းမှာက ၅၄ နာရီကျော်ပဲရှိတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ Trading Across Borders Ranking (ပြည်ပကုန်သွယ်မှု ဆောင်ရွက်ခြင်းကဏ္ဍ) ပျမ်းမျှရမှတ်သည် ၇၁ ဒသမ ၅၅ မှတ်ဖြစ်သည်။ ယင်းအနက် အင်ဒိုနီးရှား နိုင်ငံ၏ရမှတ်သည် ၆၇ ဒသမ ၂၇ ဖြစ်ပြီး နိုင်ငံလိုက်အဆင့် ၁၁၆၊ အိန္ဒိယနိုင်ငံ၏ ရမှတ်သည် ၇၇ ဒသမ ၄၆ ဖြစ်ပြီး နိုင်ငံလိုက်အဆင့် ၈၀၊ လာအိုနိုင်ငံ၏ ရမှတ်သည် ၇၈ ဒသမ ၁၂ ဖြစ်ပြီး နိုင်ငံလိုက်အဆင့် ၇၆ နှင့် မလေးရှားနိုင်ငံ၏ ရမှတ်သည် ၈၈ ဒသမ ၄၇ ဖြင့်ပြီး နိုင်ငံလိုက်အဆင့် ၄၈ စသည့်ဖြင့် အသီးသီးရှိကြောင်း ဖော်ပြထားသည်။
“လာအိုသည် Regional Average ရဲ့ အပေါ်မှာရှိပါတယ်။ ကျွန်တော်တို့က လာအိုထက် ညံ့တယ်လို့ အဖြေထွက်ပါတယ်” ဟု ညွှန်ကြားမှူးချုပ် ဦးမင်းမင်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် အကဲဖြတ်သည့်အဆင့် ၁၁ ဆင့်ရှိပြီး စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်ဓာတ်အား သွယ်တန်းရယူခြင်း၊ မြေနှင့် အိမ်ရာ အဆောက်အအုံ မှတ်ပုံတင်ခြင်း၊ ချေးငွေရယူခြင်း၊ အနည်းစုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ပေးဆောင်ခြင်း၊ ပြည်ပကုန်သွယ်မှုများ ဆောင်ရွက်ခြင်း၊ စာချုပ်စာတမ်း သဘောတူညီမှုဆိုင်ရာ အာဏာတည်မြဲစေခြင်း၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းတို့ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှု အညွှန်းကိန်း ၂၀၂၀ (Ease of Doing Business) အောက်တိုဘာ ၂၄ ရက် တွင် ထွက်ရှိခဲ့ရာ မြန်မာနိုင်ငံအဆင့် ၁၆၅ ရရှိခဲ့ပြီး ယခင်နှစ်ထက် ခြောက်ဆင့် မြင့်တက်ခဲ့သော်လည်း အာဆီယံနိုင်ငံများအနက် အနိမ့်ဆုံးအဆင့်၌ ဆက်လက်ရပ်တည်နေကြောင်း သိရသည်။










