ယာဉ်လိုင်စင်ကို ပြောင်းပေးခြင်းမဟုတ်ဘဲ ယာဉ်ပိုင်ရှင်အမည်ကိုသာ ပြောင်းပေးခြင်းဖြစ်ပြီး ကုမ္ပဏီအမည်ပေါက်ယာဉ်များကိုလည်း ပိုင်ရှင်အမည်သို့ ပြောင်းပေးမည်ဖြစ်ဟု ကညန ရှင်းလင်း

ယာဉ်လိုင်စင်ကို ပြောင်းပေးခြင်းမဟုတ်ဘဲ ယာဉ်ပိုင်ရှင်အမည်ကိုသာ ပြောင်းပေးခြင်းဖြစ်ပြီး ကုမ္ပဏီအမည်ပေါက်ယာဉ်များကိုလည်း ပိုင်ရှင်အမည်သို့ ပြောင်းပေးမည်ဖြစ်ဟု ကညန ရှင်းလင်း
 အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ကညနသတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ကညနသတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 26 October 2019
နေမျိုးဝင်း

ယာဉ်လိုင်စင်ကို ပြောင်းပေးခြင်းမဟုတ်ဘဲ ယာဉ်ပိုင်ရှင်အမည်ကိုသာ ပြောင်းပေးခြင်းဖြစ်ပြီး ကုမ္ပဏီအမည်ပေါက်ယာဉ်များကို ပိုင်ရှင်အမည်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ ရက်က ရန်ကုန်ရှိ မြင်သာကညနရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

“ဥပမာ ပဲခူးမှာမှတ်ပုံတင်ထားတဲ့ ယာဉ်တစ်စီး။ ဒီရန်ကုန်ကနေပြီးတော့ ဝယ်ထားတယ်ဆိုရင် မှတ်ပုံတင်သန်းခေါင်စာရင်း လိပ်စာအတိုင်း အမည်ပြောင်းဆောင်ရွက်ပါ။ ပြီးတော့ ပဲခူးမှာ ရန်ကုန်လိပ်စာအတိုင်း ကျွန်တော်တို့မှတ်ပုံတင်ပေးမှာဖြစ်ပါတယ်။ နယ်ဝင်နယ်ထွက်ကိစ္စကတော့ နောက်တစ်ပိုင်းဖြစ်ပါတယ်” ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။

ထို့ပြင် ကုမ္ပဏီအမည်ပေါက် အငှားယာဉ်များကိုလည်းပိုင်ရှင်အမည်ပေါက်သို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း သိရသည်။

“အေအေ၊ ဘီဘီ၊ ဒီဒီ၊ ရာသက်ပန် အမည် မပြောင်းရဘူး။ နေရပ်လိပ်စာမပြောင်းရဘူးဆိုတဲ့ ကုမ္ပဏီပိုင်တဲ့ယာဉ်တွေ၊ ဒီဟာတွေလည်း ကျွန်တော်တို့အမည်ပြောင်းခွင့်ပေးမှာဖြစ်ပါတယ်” ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။

ထိုသို့ပြောင်းလဲရာတွင် သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးများသို့ သွားရောက်ကာ အခွန်စိမ်းရယူကာ ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ယင်းနောက် ကညနတွင် အမည်ပြောင်းလာရောက်လျှောက်ထားရမည်ဖြစ်သည်။

“ရန်ကုန်က ပိုင်ရှင်ကဝယ်လို့ရှိရင်လည်း ရန်ကုန်မှတ်ပုံတင်သန်းခေါင်စာရင်း၊ ရပ်ကွက်ထောက်ခံစာ။ အဲဒါတွေယူပြီးတော့ မြို့နယ်အခွန်ဦးစီးဌာနကိုယ်နဲ့သက်ဆိုင်တဲ့  အခွန်ဦးစီးဌာနကိုသွားပြီးတော့ အခွန်ပုံစံ(၁) အစိမ်းရယူပြီးလို့ရှိရင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟုရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစပြီး လက်ရှိပိုင်ရှင်အမည်သို့ ပြောင်းလဲခြင်းမရှိပါက ယာဉ်သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း၊ ယာဉ်ပိုင်ရှင် အမည်ပြောင်းလဲထားခြင်း မရှိပါက လက်ရှိမော်တော်ယာဉ်ဥပဒေအရ ဒဏ်ကြေးကျပ် တစ်သိန်းပေးဆောင်ရမည်ဖြစ်ပြီး အသစ်ပြင်ဆင်ထားသည့် မော်တော်ယာဉ်ဥပဒေတွင် ပါဝင်ကြောင်း ကညနက ထုတ်ပြန်ထားသည်။

“အမည်ပြောင်းကို မဆောင်ရွက်ဘူးဆိုရင် ကျွန်တော်တို့ ၂၀၂၀ ဇန်နဝါရီ ၁ ရက်က စပြီးတော့ စတင်ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။

၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်ကောက်ဥပဒေ ပုဒ်မ ၂၅ အရ အောက်တိုဘာ ၁ ရက်မှစတင်ကာ တစ်နှစ်အတွင်း ယာဉ်ပိုင်ရှင်အမည်ပြောင်းပါက ယာဉ်၏တန်ဖိုး သုံးရာခိုင်နှုန်းသာ အခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်၏ရာဖြတ်တန်ဖိုး ကျပ်သိန်းတစ်ထောင်အထိ သုံးရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းအထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်းသုံးသောင်းအထိဆိုပါက ၁၅ ရာခိုင်နှုန်းသာဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မှတ်ပုံတင်ရာတွင် ယာဉ်ပိုင်ရှင်အမည်ပေါက် ပိုင်ဆိုင်သူမှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် အခွန်သက်သာခွင့်ကာလအတွင်း ယာဉ်ပိုင်ရှင်များအားလုံးက အလေးထား ပူးပေါင်းဆောင်ရွက်ကြရန် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် ကညနအနေဖြင့် ၂၀၂၀ ခု နှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ (ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ နယ်ဝင်/ နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်/ဆေး/...ပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထား ပျောက်ဆုံးခြင်း စသည်ဖြင့်) ဆောင်ရွက်ပါက အမည်ပေါက်ယာဉ်ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) အမည်ပေါက်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းမူရင်းများဖြင့် တိုက်ဆိုင်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိပါက ယာဉ်လက်ဝယ်ရှိသူ၏ အမည်သို့ပြောင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဝင်ငွေခွန်ပေးဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင်ယာဉ်များတွင် RFID (Radio Frequency Identification) စနစ် တပ်ဆင်၍ရမည်ဖြစ်ပြီး ပိုင်ရှင်အမည်မှန်မှသာ တပ်ဆင်၍ရကြောင်း သိရသည်။

ယာဉ်စီးရေတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကိုဖြေရှင်းနိုင်ရန်၊ ယာဉ်များကို စစ်ဆေးကြပ်မတ်နိုင်ရန်၊ ဥပဒေကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မော်တော်ယာဉ်များအား အလွယ်တကူ စိစစ်ဖော်ထုတ်ဖမ်းဆီးနိုင်ရန်နှင့် တရားမဝင် မှတ်ပုံတင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးထိန်းချုပ်နိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် RFID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။                      

 

 

Most Read

Most Recent