မြန်မာ-ထိုင်း ဗဟိုဘဏ်နှစ်ခု၏ ငွေကြေးဆိုင်ရာ MoU ရေးထိုးမှု အကောင်အထည်ပေါ်လာလျှင် နယ်စပ်ကုန်သွယ်မှု ပိုမိုမြန်ဆန်လာနိုင်ဟုဆို

မြန်မာ-ထိုင်း ဗဟိုဘဏ်နှစ်ခု၏ ငွေကြေးဆိုင်ရာ MoU ရေးထိုးမှု အကောင်အထည်ပေါ်လာလျှင် နယ်စပ်ကုန်သွယ်မှု ပိုမိုမြန်ဆန်လာနိုင်ဟုဆို
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်သည့် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်သည့် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်
Published 24 October 2019
ကိုရွှေသိန်း

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများတွင် ငွေပေးချေမှုအပိုင်း၌ မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ နှစ်မျိုးစလုံးဖြင့်  အသုံးပြုခွင့်ရလာလျှင် ကုန်သွယ်မှု ပိုမိုမြန်ဆန်လာနိုင်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များထံမှ သိရသည်။

ထိုင်း- မြန်မာနှစ်နိုင်ငံ ဗဟိုဘဏ်နှစ်ခု နားလည်မှုစာချွန်လွှာအရ လုပ်ငန်းစဉ် အကောင်အထည်ပေါ်လာပါက မြဝတီ နယ်စပ်ကုန်သည်များအနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း မြဝတီ နယ်စပ်ကုန်သည်ကြီးများအသင်းဝင်  Mother Land ကုမ္ပဏီ MD ဦးစိုင်းထွန်းဝေ က ပြောကြားသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများ၌  မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်မည့် ဗဟိုဘဏ်များ MoU  ထိုးသည့်သတင်းနှင့် ပတ်သက်၍ ၎င်းက ပြော ကြားခဲ့ခြင်းဖြစ်သည်။

မြဝတီကုန်သည်ကြီးများအသင်းဝင် Mother Land ကုမ္ပဏီ MD ဦးစိုင်းထွန်းဝေက ကုန်သည်များကိုယ်စား ပြောရမယ်ဆိုရင်တော့ ဒါဟာ မြဝတီနယ်စပ်ကုန်သည်များအတွက် တော်တော်လေးကို အခြေအနေကောင်းလာမယ့် သဘောရှိပါတယ်။ အခုလက်ရှိမှာ တော့ မြဝတီနယ်စပ်ကုန်သည်တွေဟာ ဟိုဘက် ကုန်ရောင်းကုန်ဝယ် ဒီဘက်က Export ရောင်းထားတဲ့ပစ္စည်း ဟိုဘက်ခြမ်းက Import ကုန်ပစ္စည်းတွေကို သွားဝယ်တဲ့အခါ ကျွန်တော်တို့ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်က သွားရတဲ့အခါမှာ ထိုင်းဘတ်ငွေ ငါးသိန်းနဲ့ ဒီပမာဏနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကိုသာ ယူဆောင်ခွင့်ရှိတဲ့အတွက် အတော်လေးကို အခက်အခဲဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်ကုမ္ပဏီတွေက ထိုင်း ကုန်ပစ္စည်းမှာယူလိုတဲ့အခါ ဘဏ်ကနေတစ် ဆင့် မြဝတီမြို့ကို ငွေလွှဲရပါတယ်။ အဲဒီမြန်မာ ကျပ်ငွေတွေကို  ထိုင်းဘတ်ငွေနဲ့ ပြန်လဲပြီး ထိုင်းဘက်ခြမ်းမှာ ကုန်ပစ္စည်း သွားဝယ်ရပါတယ်။ အဲဒီလို သွားဝယ်တဲ့အခါမှာလည်း အမှတ်(၁)တံတားပေါ်က သွားတဲ့အခါ ထိုင်းဘတ်ငွေ ငါးသိန်းသာ ယူဆောင်သွားခွင့်ရှိလို့ တရားဝင် ကုန်စည်ဝယ်တဲ့နေရာမှာ ခိုးကြောင် ခိုးဝှက်နဲ့ ငွေကြေးကို သယ်ဆောင်နေရပါတယ်။ ယခုလို အဲဒီအခက်အခဲတွေကို ကျော်လွန်ပြီး မြန်ကျပ်ငွေရော ထိုင်းဘတ်ငွေပါ လွတ်လပ်စွာသုံးစွဲ သယ်ယူခွင့်ရှိလာမယ်။ ထိုင်းနဲ့ မြန်မာဘဏ်အချင်းချင်း Money Change လုပ်လာနိုင်မယ်ဆိုရင် နယ်စပ်ကုန်သည်များအတွက် များစွာအကျိုးရှိလာမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေတို့ကို နှစ်နိုင်ငံလုံးတွင် အသုံးပြုခွင့်အတွက် မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် ထိုင်းဗဟိုဘဏ်ဥက္ကဋ္ဌ မစ္စတာ ဗီရာထိုင်းဆန် သီပရာဟော့တို့သည် အမေရိကန်ပြည် ထောင်စုတွင် ပြုလုပ်သော နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အစည်းအဝေးတွင် အောက်တိုဘာ ၁၈ ရက်က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MoU  ရေးထိုးခဲ့ကြရာ၌ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေတို့ကို နှစ်စဖက်လုံးတွင် အသုံးပြုခွင့်၊ ငွေပေးချေခွင့် ပါဝင်ကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်ကလက်ရှိ ထိုင်းနိုင်ငံနဲ့အဓိက ကုန်သွယ်မှုပြုလုပ်နေတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုမှာ ထိုင်းဘတ်ငွေနဲ့သာ အဓိက လုပ်ဆောင်နေပြီး ပို့ကုန်နဲ့ သွင်းကုန်များအတွက် ထိုင်းဘတ်ငွေကိုသာ အဓိကထား သုံးစွဲနေပါတယ်”ဟု ပြော ကြားသည်။

ငွေကြးဝန်ဆောင်မှု လုပ်ငန်းအတွက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MoU ရေးထိုးပြီး ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဘဏ်သို့ တစ်စုံတစ်ရာညွှန်ကြားထားခြင်း မရှိသေးကြောင်း မြဝတီမြို့ရှိ ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။ ထိုင်း-မြန်မာ ဗဟိုဘဏ်နှစ်ခု၏ နားလည်မှုစာချွန်လွှာတွင် အဓိကပါဝင်သည့် အချက်နှစ်ချက်မှာ နှစ်နိုင်ငံနယ်စပ် ငွေပေးချေမှုများနှင့် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေတို့ကို ပိုမိုသုံးစွဲရန် နှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ဘဏ္ဍာရေးလုပ်ငန်းများနှင့် ငွေပေးချေမှုစနစ်များ တိုးတက်အောင် နှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်သွားရန်ဟု ပါရှိကြောင်း သိရသည်။          

 

 

Most Read

Most Recent