တပ်မတော်သည် နိုင်ငံ၏ ခြံစည်းရိုးဖြစ်၍ ခြံစည်းရိုး လုံခြုံမှသာလျှင် တိုင်းပြည်လုံခြုံအေးချမ်းမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်သည် နိုင်ငံ၏ ခြံစည်းရိုးဖြစ်၍ ခြံစည်းရိုး လုံခြုံမှသာလျှင် တိုင်းပြည်လုံခြုံအေးချမ်းမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို) အဖွဲ့ တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို) အဖွဲ့ တွေ့ဆုံစဉ်
Published 24 October 2019
မင်းနိုင်စိုး



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်သည် စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကို အကျိုးပြုလျက်ရှိပြီး နိုင်ငံ၏ ခြံစည်းရိုးဖြစ်၍ ခြံစည်းရိုးလုံခြုံမှသာလျှင် တိုင်းပြည်လုံခြုံအေးချမ်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို) အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြသူများလည်းရှိကြောင်း၊ မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင် နေထိုင်ပါက မြန်မာစိတ်မွေး၍ တိုင်းပြည် ကောင်းရာကောင်းကျိုးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ ကောင်းရာကောင်းကျိုးကို ပညာရေး၊ သာသနာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့တွင် များစွာလုပ်ဆောင်ပေးလျက် ရှိသည်ကို ကြားသိရသည့်အတွက် အားပေးထောက်ခံကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အတတ်ပညာနှင့် အသိပညာကို အခြေခံ၍ တိုင်းပြည်ကို အကျိုးပြုရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကို အကျိုးပြုလျက်ရှိပြီး တပ်မတော်သည် နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှသာလျှင် တိုင်းပြည်လုံခြုံအေးချမ်းမည်ဖြစ်ကြောင်း၊ တိုင်းပြည်လုံခြုံအေးချမ်းမှု ရှိမှသာလျှင် တိုင်းသူပြည်သားတို့၏ လုပ်ကိုင်စားသောက်ရန်အတွက် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ရန်အတွက် ငြိမ်းချမ်းမှုရှိရန် လိုအပ်သည့်အပြင် စီးပွားရေး တိုးတက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်ကောင်းမွန်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်များ မွေးထုတ်ပေးရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဟိန္ဒူလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး တိုင်းပြည်အပေါ် သစ္စာရှိမှုကို မှန်မှန်ကန်ကန်နှင့် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်းသား လူမျိုးများ၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင် လုပ်ကိုင်စားသောက်ကြသူများ၊ နိုင်ငံခြားသားများစသည့် မြန်မာနိုင်ငံတွင် နေထိုင်သူများ အားလုံးသည် သဟဇာတရှိစွာဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်နှင့် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရောက်စေရန် လိုကြောင်း၊ နိုင်ငံရေးပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခများကြောင့် မတည်ငြိမ်မှုများ မဖြစ်ကြစေလိုကြောင်းနှင့် အရေးကြီးသည်မှာ မိမိနေထိုင်သည့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးကို စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ် (YMBA) ၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ YMBA အသင်းချုပ်သို့ သွားရောက်၍ အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အလုပ်အမှုဆောင်အဖွဲ့များအား တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် YMBA သည် တိုင်းပြည်ကို အကျိုးပြုခဲ့သည့် နိုင်ငံရေးကို အခြေခံခဲ့သော လူမှုရေး အဖွဲ့အစည်းဖြစ်ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ကို ဆက်လက်အကျိုးပြုကြရမည်ဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပတ်သက်၍ နိုင်ငံရေးမတည်မငြိမ်မှုများ မဖြစ်စေရေးအတွက် အစွန်းမရောက်သော ထိန်းသိမ်းမှုဖြင့် ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံရေးအခြေခံသည့် အဖွဲ့အစည်း ဆိုရာတွင် တိုင်းပြည်ကို အကျိုးပြုလျက်ရှိသည့် လူမှုရေး အဖွဲ့အစည်းသာဖြစ်ပြီး တိုင်းပြည်၏ တိုးတက်ရာ တိုးတက်ကြောင်းကို ဆန့်ကျင်သည့် အဖွဲ့အစည်း မဟုတ်ကြောင်း၊  အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာနှင့် ပတ်သက်၍ “အမျိုး” ဆိုသည်မှာ အမျိုးသားရေး စရိုက်လက္ခဏာကို ထိန်းသိမ်းခြင်းပင်ဖြစ်ပြီး မိမိနိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာကို မိမိတို့ တိုင်းသူပြည်သားများက အပြည့်အဝ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း၊ “ဘာသာ” ဆိုသည်မှာ ဘာသာစကားနှင့် စာပေဖြစ်ကြောင်း၊ ပြည်ထောင်စု ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာစကားကို တတ်မြောက်ရမည်ဖြစ်ပြီး ရေးထုံးသတ်ပုံများကအစ မှားယွင်းမှုမရှိအောင် ထိန်းသိမ်းရမည်ဖြစ်ကာ တိုင်းရင်းသားတို့၏ ဒေသသုံး ဘာသာ၊ စာပေတို့ကိုလည်း မှန်မှန်ကန်ကန် ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

 

Most Read

Most Recent