နှစ်ဖက်တပ်များ ထိပ်တိုက်မဖြစ်ပွားရေးအတွက် အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားရန်၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာရန် KNU နှင့် မွန်ပြည်သစ်ပါတီ သဘောတူ

နှစ်ဖက်တပ်များ ထိပ်တိုက်မဖြစ်ပွားရေးအတွက် အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားရန်၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာရန် KNU နှင့် မွန်ပြည်သစ်ပါတီ သဘောတူ
Published 24 October 2019
မင်းနိုင်စိုး

နှစ်ဖက်တပ်များ ထိပ်တိုက်မဖြစ်ပွားရေးအတွက် အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားရန်၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့အကြား သဘောတူညီမှုရရှိကြောင်း KNU နှင့် NMSP တို့က အောက်တိုဘာ ၂၃ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ကြေညာသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှစ၍ နှစ်ဖက်အောက်ခြေ ရဲဘော်အချင်းချင်း နားလည်မှု လွဲမှားကြပြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရရှိခဲ့ကြောင်း KNU နှင့် NMSP တို့၏ နှစ်ဖက်ပူးတွဲ သဘောထား ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဘဝတူ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ယခုကဲ့သို့ ပစ်ခတ်ထိတွေ့မှုကို အမြန်ဆုံး ပြေလည်စေရန် KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) တာဝန်ရှိသူများနှင့် NMSP ဗဟိုဝန်းကျင်ဒေသ တာဝန်ရှိသူများ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးကြပြီး အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စိစစ်ခဲ့ကြောင်း ယခု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်တွင် နှစ်ဖက်တပ်များ ထိပ်တိုက်မဖြစ်ပွားရေးအတွက် အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားရန်၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အင်အားသုံး ဖြေရှင်းခြင်း မပြုဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားကြရန်၊ အဖွဲ့အစည်းအချင်းချင်း အတူတကွ ယုံကြည်မှု တည်ဆောက်ပြီးတည် ငြိမ်အေးချမ်းစွာ နေထိုင်သွားကြရန်နှင့် မွန်၊ ကရင် ပြည်သူလူထုအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ နေထိုင်သွားကြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း  KNU နှင့် NMSP တို့က ပူးတွဲသဘောထား ထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့အရှေ့ဘက်ရှိ မွန်ပြည်သစ်ပါတီ အခြေစိုက်စခန်းနှင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ စခန်းတစ်ခုတို့ကို KNU က ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုများကြောင့် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီစခန်းမှ အရာရှိတစ်ဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၁၅ ရက်တွင် ဘုရားသုံးဆူမြို့နယ်၊ ထီးဝါးဒို့ရွာအဝင်တွင် လွင့်တင်ထားသည့် KNU ၏အလံကို မွန်ပြည်သစ်ပါတီက လာရောက်ဖြုတ်ချခဲ့သည့်အတွက် KNU နှင့် မွန်ပြည်သစ်ပါတီတို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူဒေသတွင် KNU  နှင့် မွန်ပြည်သစ်ပါတီတို့အကြား မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားနေသည့်အတွက် ထိုသို့ ပစ်ခတ်မှုများ မဖြစ်အောင် မကြာခဏ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေရပြီး ယခုအခါ ပစ်ခတ်မှုကြောင့် ၎င်းတို့အရာရှိတစ်ဦး သေဆုံးခဲ့ရမှုသည် မဖြစ်သင့်ကြောင်းလည်း NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားထားသည်။

KNU နှင့် မွန်ပြည်သစ်ပါတီတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ပြီး KNU သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကာ မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent