ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများ ရှိနေသဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု လျာထားချက်သည် ယခင်နှစ် လျာထားချက်ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အမြဲတမ်း အတွင်းဝန် ပြောကြား

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများ ရှိနေသဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု လျာထားချက်သည် ယခင်နှစ် လျာထားချက်ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အမြဲတမ်း အတွင်းဝန် ပြောကြား
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 22 October 2019
ဇေယျာငြိမ်း

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများရှိနေသဖြင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်သည် ယခင်နှစ်လျာထားချက် ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည့်  The Global Value Chain and Economic Development, ADB - Asian Think Tank Development Forum 2019 တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။

“အခုတော့ ပြင်ဆင်နေပါပြီ။ ကျွန်တော်  တို့က နှစ်စဉ်တော့ ဒေါ်လာဘီလျံ ၃၀ ကျော် ပေါ့။ မနှစ်ကတော့ ဒေါ်လာဘီလျံ ၃၁ ဘီလျံ လောက်မှန်းတာ။ ၃၄ဒသမ၉ ဘီလျံ လောက်  ရတော့ သုံးဘီလျံလောက်တော့ ပိုရတာပေါ့။ ဒီနှစ်လည်း ပြင်ဆင်တွက်ချက်နေတယ်။ ဒီ ထက်ပိုတိုးအောင် ကြိုးစားမှာ။ ဒီလိုအခြေ အနေကောင်းတွေကို ပိုလုပ်နိုင်သမျှတိုး တက်လာမှာပါ။ အလားအလာကောင်းတွေ က တော့အများကြီးရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန်ဦးအောင်စိုးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီ လျံ  စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင် ရွက်သွားရန် ခန့်မှန်း လျာထားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလျံအထိရရှိ ခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ပိုမိုရရှိခဲ့ ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံနီးအထိရရှိ ခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံခန့်အထိ ပိုမို ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ခန့်မှန်း လျာထားချက်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ပိုမိုရရှိခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း ပစ္စည်း စသည်တို့ကို အဓိက တင်သွင်းနေခြင်း ဖြစ်သည်။                               

 

 

Most Read

Most Recent