တရုတ်နိုင်ငံမှ Kunming Airlines ရန်ကုန်-ကူမင်း တိုက်ရိုက်ခရီးစဉ်သစ်အား တစ်ပတ်လျှင် လေးကြိမ်စတင်ပျံသန်း

တရုတ်နိုင်ငံမှ Kunming Airlines ရန်ကုန်-ကူမင်း တိုက်ရိုက်ခရီးစဉ်သစ်အား တစ်ပတ်လျှင် လေးကြိမ်စတင်ပျံသန်း
 Kuming Airlines ၏ ရန်ကုန် - ကူမင်း တိုက်ရိုက် ခရီးစဉ်သစ်စတင်ပျံသန်းသည့် လေယာဉ်ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
Kuming Airlines ၏ ရန်ကုန် - ကူမင်း တိုက်ရိုက် ခရီးစဉ်သစ်စတင်ပျံသန်းသည့် လေယာဉ်ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
Published 22 October 2019
     ရွှန်းလဲ့ဝင်း

တရုတ်နိုင်ငံ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Kuming Airlines သည် ရန်ကုန် - ကူမင်း တိုက်ရိုက်ခရီးစဉ်သစ်အား တစ်ပတ်လျှင် လေးကြိမ် စတင်ပျံသန်းခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

ကူမင်း-ရန်ကုန် တိုက်ရိုက်ချိတ်ဆက် ပျံသန်းမည့် အဆိုပါခရီးစဉ်ကို ခရီးသည်စုစုပေါင်း C8 Y160 ဦး သယ်ယူဝန်ဆောင်မှု ပေးနိုင်မည့် Bieubg 738အမျိုးအစားလေ ယာဉ်ဖြင့် တစ်ပတ်လျှင် လေးကြိမ်ပျံသန်းသွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ကိုးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်လာသည့် တရုတ်ခရီးသွားအရေအတွက်မှာ ယခင်နှစ်ကာလတူတွင် ဝင်ရောက်ခဲ့သည့် ခရီးသွားဦးရေနှင့် နှိုင်းယှဉ်ပါက ၈၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ လေကြောင်းလိုင်းသစ် တိုးချဲ့ပျံသန်းခြင်းဖြင့် ရန်ကုန်လေဆိပ်အနေဖြင့် မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် လာရောက်လည်ပတ်သော တရုတ်ခရီးသွားစျေးကွက်၏ ပိုမိုအားကောင်းလာမှုကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Kunming Airlines ၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုးချဲ့ပြေးဆွဲမှုနှင့်အတူ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၅ လိုင်းမှ အပြည်ပြည်ဆိုင်ရာခရီးစဉ် ၃၃ ခု ပြေးဆွဲနေခြင်းဖြစ်သည်။

Kunming Airlines သည် လက်ရှိတွင် ဘိုးရင်းလေယာဉ် ၂၆ စင်းဖြင့် ခရီးစဉ်များ ပျံသန်းနေပြီး တစ်နှစ်လျှင် လေယာဉ်အစင်းရေ ၁၆ ဒသမ ၁၂ ရာခိုင်နှုန်း မြင့်တက်မှုရှိနေပြီး ချိတ်ဆက်ပျံသန်းနေသည့် မြို့ပေါင်း ၄၀ ခန့်ရှိကြောင်း သိရသည်။

နောင်လာမည့်အနာဂတ်တွင် Kunming Airlines အနေဖြင့် ယူနန်ပြည်နယ်၏ ခရီးသွားအရင်းအမြစ်များကို အသုံးချကာ လေကြောင်းသယ်ယူပို့ဆောင်ရေး နယ်ပယ်တွင် ပိုမိုတိုးတက်လာစေရန်၊ ဘေးကင်းလုံခြုံမှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချရမှုတို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရန်နှင့် လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲရင်း အကျိုးအမြတ်ရရှိရုံသာမက ရေရှည်တည်တံ့ခိုင်မြဲပြီး လုံခြုံစိတ်ချရသည့် လေကြောင်းလိုင်းတစ်ခုအဖြစ် ရပ်တည်သွားရန် ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ဇူလိုင်က တရုတ်နိုင်ငံမှ စရိတ်နည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Spring Airlines သည် ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်သစ်အား တစ်ပတ်လျှင် လေးကြိမ် စတင်ပျံသန်းခဲ့သည်။

Spring Airlines သည် ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်သစ်အား ခရီးသည် ၁၈၆ ဦးလိုက်ပါစီးနင်းနိုင်မည့် Airbus A 320 လေယာဉ်အမျိုးအစားဖြင့် ပျံသန်းသွားမည်ဖြစ်သည်။ Spring Airlines သည် ရှန်ဟိုင်း -ရန်ကုန် တိုက်ရိုက်ခရီးစဉ်သစ်အား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းသွားမည်ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံမှ လေကြောင်းခရီးစဉ်သစ်များ ဆက်တိုက်ပျံသန်းမှုရှိနေပြီး တရုတ်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Xiamen လေကြောင်းလိုင်းမှ ရှာ့မန် Xiamen ရန်ကုန်ခရီးစဉ်သစ်အား ဇွန် ၂၂ ရက်မှစတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ် စတင်ပျံသန်းခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ လေကြောင်းလိုင်းခြောက်ခုက ခရီးစဉ် ၁၁ ခုအထိ တိုးချဲ့ပျံသန်းခဲ့ပြီး တရုတ်နိုငံမှ ခရီးသွားဝင်ရောက်မှု ယမန်နှစ်ထက် ၃၈ ဒသမ ၃၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် ကိုးလတာအတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုတွင် ဗီဇာဖြေလျှော့မှုများ ပြုလုပ်ထားသည့် နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံမှ ခရီးသွားရာခိုင်နှုန်း ၁၄၀၊ ကိုရီးယားနိုင်ငံမှ ခရီးသွားရာခိုင်နှုန်း  ၈၀ ကျော်နှင့် ဂျပန်နိုင်ငံမှ ခရီးသွားရာခိုင်နှုန်း ၂၀ ကျော်အထိ တိုးတက်ဝင်ရောက်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

              

 

Most Read

Most Recent