ငါးမွေးမြူရေးကန်များပေါ် ကြက်ခြံများတင်၍ ကြက်နှင့်ငါး တွဲဖက်မွေးမြူသည့် လုပ်ငန်းများတွင် ပြည်ပနိုင်ငံသားများနှင့် ဆက်စပ်နေသူများ ရာခိုင်နှုန်း ၈၀ ခန့်ပါဝင်နေပြီး ထိုသို့မွေးမြူမှုများကို အမိန့်စာထုတ် တားမြစ်ပေးရန် တောင်းဆို

ငါးမွေးမြူရေးကန်များပေါ် ကြက်ခြံများတင်၍ ကြက်နှင့်ငါး တွဲဖက်မွေးမြူသည့် လုပ်ငန်းများတွင် ပြည်ပနိုင်ငံသားများနှင့် ဆက်စပ်နေသူများ ရာခိုင်နှုန်း ၈၀ ခန့်ပါဝင်နေပြီး ထိုသို့မွေးမြူမှုများကို အမိန့်စာထုတ် တားမြစ်ပေးရန် တောင်းဆို
Published 19 October 2019
ဖြိုးဝေ

ငါးမွေးမြူရေးကန်များပေါ်တွင် ကြက်ခြံများ အခိုင်အမာ တည်ဆောက်၍ ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးကို ပြည်တွင်း၌ ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ပြည်ပနိုင်ငံသားများနှင့် ဆက်စပ်သူများ ရာခိုင်နှုန်း ၈၀ ခန့် ပါဝင်ဆောင်ရွက်နေပြီး ထိုသို့ ငါးမွေးမြူရေးကန်များပေါ်တွင် ကြက်ခြံများဆောက်၍ ကြက်၊ ငါး တွဲဖက်မွေးမြူရေးကို အမိန့်၊ ညွှန်ကြားချက်များထုတ်၍ တားမြစ်ပေးသင့်ပါကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းကြိုင်က ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ အောက်တိုဘာ ၁၉ ရက်တွင် တင်ပြခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ငါးကန်ပေါင်ပေါ်၌ တိရစ္ဆာန်များနှင့် တွဲမွေးမှုသည် ကျန်းမာရေးရှုထောင့်အရ မှားယွင်းနေပြီး မြန်မာနိုင်ငံမှ ငါးအများစုကို ဓာတ်ခွဲစမ်းသပ်သည့်အခါ ဘက်တီးရီးယားပိုးများ တွေ့ရှိနေရပြီး ပိုးမွှားအရင်းအမြစ်သည် အဆိုပါ မွေးမြူရေးစနစ်ကို အခြေခံနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ တိရစ္ဆာန်များနှင့် တွဲမွေးသည့် စနစ်မှာ တိရစ္ဆာန်မစင်များတွင် ရောဂါပိုးများ ပါဝင်ခြင်းကြောင့် မစင်စားသုံးမိသည့်ငါးများ ရောဂါရနိုင်ပြီး လူများသို့ ထိခိုက်နိုင်သောကြောင့် တရုတ်နိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ဥပဒေတစ်ရပ် ထုတ်ပြန်ကာ ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

ထို့ပြင် GAqP, GMP, HACCP သတ်မှတ်ချက်များနှင့် ညီညွတ်မှု မရှိသောကြောင့် ရေထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် အခက်အခဲများရှိပြီး ပြည်တွင်းစားသုံးမှုတွင်လည်း Food Safety နှင့် မညီညွတ်သောကြောင့် စားသုံးရန် မသင့်သဖြင့် ရေရှည်တွင် National Aquaculture Development အစီအစဉ်များအပေါ် ထိခိုက်နိုင်ကြောင်း တင်ပြခဲ့သည့်အပြင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်သည့် လုပ်ငန်းများကို ငါးသယံဇာတ တည်ရှိမှုနှင့် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ရှိ၊ မရှိ နိုင်ငံတကာ အသိအမှတ်ပြု ပညာရှင် အဖွဲ့များနှင့် စနစ်တကျ သုတေသနပြု ဆန်းစစ်လေ့လာသည့် အစီအစဉ်များကို (ကြိုတင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းလုပ်ကိုင်နေစဉ် ဆောင်ရွက်ခြင်း၊ ရေရှည်ဆောင်ရွက်ခြင်း) အစီအစဉ်များ ပါဝင်မှသာ ခွင့်ပြုသင့်ပါကြောင်း ဒုတိယသမ္မတသို့ တင်ပြခဲ့သည်ဟု သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်တွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်သည့် လုပ်ငန်းများ အနေဖြင့် ပင်လယ်၊ ငါး၊ သယံဇာတ ထိန်းသိမ်းသည့် သုတေသန အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်မှု မရှိပါက ဂေဟစနစ်များ ပျက်စီးကာ ငါး၊ ပုစွန်၊ သဘာဝ သယံဇာတများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ကြုံတွေ့ လာနိုင်သည့် အခြေအနေကို တင်ပြခဲ့သည့်အပြင် ငါးလုပ်ငန်းသယံဇာတ လျော့နည်းပျက်စီးမှုကြောင့် ကမ်းဝေး ပင်လယ်ငါးဖမ်း လုပ်ငန်းများနှင့် ကမ်းနီးဒေသခံ ရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှုများ တွေ့ကြုံနေရသည်ကိုလည်း တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ငါး၊ ပုစွန် စီးပွားဖြစ် မွေးမြူနေသည့် ဧကတစ်သိန်းခွဲကျော်ရှိရာ ကြက်နှင့်ငါး တွဲမွေးသည့် ဧကနှစ်သောင်းခန့် ရှိနေပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေထွက်ပစ္စည်း ငါး၊ ပုစွန်၊ ကဏန်းစသည့် ငါးမျိုးစုံကို ထိုင်း၊ တရုတ်၊ ဆော်ဒီ၊ ဂျပန်စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်ဟု သိရပြီး မြန်မာ့ရေထွက်ကုန်များ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ဒေါ်လာ ၇၂၈ ဒသမ ၂၅၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent