တရုတ်က ဆော်လမွန်ကျွန်းနိုင်ငံ၏ ကျွန်းတစ်ကျွန်းလုံးအား ငှားရမ်းရန် သဘောတူလက်မှတ်ထိုးထား

တရုတ်က ဆော်လမွန်ကျွန်းနိုင်ငံ၏ ကျွန်းတစ်ကျွန်းလုံးအား ငှားရမ်းရန် သဘောတူလက်မှတ်ထိုးထား
 ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ဆော်လမွန်ကျွန်းနိုင်ငံ၏မြို့တော် ဟိုနီယာရာအား ဝေဟင်မှ ရိုက်ကူးထားစဉ်
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ဆော်လမွန်ကျွန်းနိုင်ငံ၏မြို့တော် ဟိုနီယာရာအား ဝေဟင်မှ ရိုက်ကူးထားစဉ်
Published 17 October 2019
Ref: AFP

ပစိဖိတ်သမုဒ္ဒရာတွင်းမှ ကျွန်းနိုင်ငံ ဆော်လမွန်အိုင်းလန်းကို မဟာမိတ်အဖြစ် တရုတ်က သိမ်းသွင်းနိုင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်ကုမ္ပဏီတစ်ခုသည် ဆော်လမွန်၏ ကျွန်းတစ်ကျွန်းလုံးအား ငှားရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း အေအက်ဖ်ပီက အောက်တိုဘာ ၁ရတွင် ရရှိခဲ့သော အထောက်အထားများအား ကိုးကားပြီး ဖော်ပြခဲ့သည်။

ဆော်လမွန်၏ Tulagi ကျွန်းအား တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China Sam Group က စက်တင်ဘာ ၂၂ တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် ငှားရမ်းထားကြောင်း ပေါက်ကြားခဲ့သော အထောက်အထားများက ဖော်ပြခဲ့သည်။ ထိုကျွန်းတွင် စစ်ရေးအတွက် အသုံးဝင်သည့် ရေနက်ဆိပ်ကမ်း ရှိသည်ဟုဆိုသည်။

ဆင်းရဲသော ပစိဖိတ်ကျွန်းနိုင်ငံ ဆော်လမွန်အား ထိုင်ဝမ်နှင့်ဆက်ဆံရေး ဖြတ်တောက်ရန် စည်းရုံးခဲ့ပြီးနောက် တရုတ်သည် စက်တင်ဘာ ၂၁ တွင် ဆော်လမွန်နှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။

Tulagi ကျွန်းသည် လူဦးရေ ၁၂၀၀ ခန့်ရှိပြီး ဂျပန်ရေတပ်စခန်းဟောင်းနှင့် ၀.၈ မိုင် အကွာတွင် ရှိသော ကျွန်းဖြစ်သည်။ ထိုကျွန်းတွင် China Sam Group က ရေနံချက်စက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း သဘောတူညီထားသည်ဟုဆိုသော်လည်း တရုတ်စစ်စခန်းအတွက်ပါ အသုံးပြုနိုင်သောကြောင့် အမေရိကန်နှင့် သြစတြေးလျတို့က စိုးရိမ်နိုင်သည်။

ဆော်လမွန်၏ Central Province ပြည်နယ်သည် Tulagi ကျွန်းတစ်ကျွန်းလုံးအား ငှားရမ်းမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကျွန်းများအား China Sam Group က အထူးစီးပွားရေးဇုန် ဖော်ဆောင်မည်ဖြစ်ကြောင်း ပေါက်ကြားခဲ့သည့် သဘောတူညီချက်ကဆိုသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေး အပါအဝင် ဖွံ့ဖြိုးရေးအတွက် သင့်တော်သော မည်သည့်လုပ်ငန်းမဆို အကျုံးဝင်ကြောင်း သဘောတူညီချက်က ဆိုထားသည်။

ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ငါးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့တွင် ဆော်လမွန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း China Sam က အောက်တိုဘာ ၁၇ တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု အလွန်အမင်းလိုအပ်နေသော ဖွ့ံဖြိုးဆဲနိုင်ငံများအတွက် အထူးစီးပွားရေးဇုန် ဖော်ဆောင်ပေးရန် တရုတ်က ကတိပေးမှုသည် အထူးအဆန်းမဟုတ်ကြောင်း ဆစ်ဒနီအခြေစိုက် နိုင်ငံခြားရေးမူဝါဒ အတိုင်ပင်ခံလုပ်ငန်း Lowy Institute မှ Pacific ရေးရာ ဒါရိုက်တာ ဂျော်နသန်ပရီကေက ပြောကြားခဲ့သည်။

သို့သော် ထိုစီးပွားရေးဇုန်အား ရေရှည်တွင် တရုတ်အတွက် အမြဲတမ်း မဟာဗျူဟာနယ်မြေအဖြစ် ပြောင်းလဲနိုင်မည်ဟူသော စိုးရိမ်မှုများရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခင်က ထိုင်ဝမ်သည် ပစိဖိတ်တွင် ဆော်လမွန်၏အကြီးဆုံး မဟာမိတ်ဖြစ်ခဲ့ပြီး ပေကျင်းက သံတမန်ရေး အာဏာလုမှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ပစိဖိတ်တွင် ထိုင်ဝမ်ကို အသိအမှတ်ပြုသည့် နိုင်ငံလေးနိုင်ငံသာရှိတော့ပြီး ကမ္ဘာတစ်ဝန်းတွင် ၁၅ နိုင်ငံသာ ကျန်တော့သည်။

ပစိဖိတ်သည် ထိုင်ဝမ်နှင့် တရုတ်အတွက် တိုက်ပွဲနယ်မြေအဖြစ် ကာလရှည်ကြာရှိခဲ့ပြီး ဒေသခံ ခေါင်းဆောင်များသည် ဘဏ္ဍာရေးအကျိုးအမြတ် ရလိုမှုအတွက် ထိုင်ဝမ်နှင့်တရုတ်အကြား ကစားနေခဲ့သည်။

စီးပွားရေးအားကြီးလာသော တရုတ်က ပစိဖိတ်တွင် ပို၍ခက်ထန်လာခဲ့ပြီး အခြားဒေသတွင်း အင်အားကြီးများဖြစ်သော အထူးသဖြင့် သြစတြေးလျက ပစိဖိတ်တွင် တရုတ်၏ရေတပ်စခန်း တည်ထောင်မည့် ရည်မှန်းချက်ကို စိုးရိမ်နေသည်။

တရုတ်၏ပစိဖိတ်ရေတပ်စခန်း အမှန်တကယ် အကောင်အထည်ပေါ်ခဲ့ပါက ကာကွယ်ရေးကြားခံနယ်မြေရထားပြီး ပထဝီကွာဝေးမှုအားသာချက် ရထားသော  သြစတြေးလျနှင့် နယူးဇီလန်တို့၏ အားသာမှုကို အချည်းနှီးဖြစ်စေနိုင်သည်။      

 

 

Most Read

Most Recent