လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၁ ခု၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀ ဘီလျံအပါအဝင် ကျပ်ဘီလျံ ၁၉၀၀၀ ကျော်ရှိပြီး အိမ်ခြံမြေကဏ္ဍသို့ အများဆုံးဝင်ရောက်ထား

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၁ ခု၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀ ဘီလျံအပါအဝင် ကျပ်ဘီလျံ ၁၉၀၀၀ ကျော်ရှိပြီး အိမ်ခြံမြေကဏ္ဍသို့ အများဆုံးဝင်ရောက်ထား
  ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 17 October 2019
ဇေယျာငြိမ်း

နှစ်ပေါင်း ၃၁ နှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၁ ခု၌ မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀ ဘီလျံအပါအဝင် ကျပ်ဘီလျံ ၁၉၀၀၀ ကျော်ရှိပြီး အိမ်ခြံမြေကဏ္ဍတွင် ၂၂ ရာခိုင်နှုန်းကျော်အထိ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၁၉၈၈ - ၁၉၉၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခု နှစ် စက်တင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်း ၁၁ ခု၌ မြန်မာနိုင်ငံသားများက လုပ်ငန်းပေါင်း ၁၆၁၇ ခုတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၈၁ ဘီလျံအပါအဝင် ကျပ် ၁၉၁၅၅ ဒသမ ၂၂၆ ဘီလျံအထိရှိသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ခြံမြေကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေး၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတူးဖော်ရေးလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားကဏ္ဍတို့၌ အဓိကဝင်ရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ခြံမြေကဏ္ဍ၌ မြန်မာနိုင်ငံသားများက လုပ်ငန်းပေါင်း ၈၃ ခုသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄၈ ဘီလျံအပါအဝင် ကျပ် ၄၃၀၈ ဒသမ ၇၁၇ ဘီလျံအထိ ရင်းနှီးမြှုပ်ထားသည်။ စုစုပေါင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၂ ဒသမ ၄၉ ရာခိုင်နှုန်းရှိကာ အများဆုံးရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်းပေါင်း ၈၈၂ ခုသို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်အပါအဝင် ကျပ်ဘီလျံ ၃၄၀၀ ကျော် ဝင်ရောက်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ၁၈ ရာခိုင်နှုန်းကျော်ရှိကာ ဒုတိယအများဆုံးဖြစ်သည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းပေါင်း ၅၁ ခုသို့ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် အပါအဝင် ကျပ်ဘီလျံ ၂၈၀၀ ကျော်ဝင်ရောက်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်း ကျော်ရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် လုပ်ငန်းပေါင်း ၁၇၄ ခုသို့ အမေရိကန် ဒေါ်လာ သန်း ၇၉၀ နီးပါးအပါအဝင် ကျပ်ဘီလျံ ၁၂၀၀ ခန့် ဝင်ရောက်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းကျော်ရှိသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် ငါးရာခိုင်နှုန်းကျော်၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍတွင် လေးရာခိုင်နှုန်းကျော်၊ စွမ်းအင်ကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် နှစ်ရာခိုင်နှုန်းနီးပါး၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် တစ်ရာခိုင်နှုန်းကျော်၊ အခြားကဏ္ဍတွင် ၁၆ ရာခိုင်နှုန်းကျော်နှင့် စိုက်ပျိုးရေးကဏ္ဍတွင် တစ်ရာခိုင်နှုန်း အောက်သာရှိသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်းလေးခု၊ အတည်ပြုလုပ်ငန်းတစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁၂  ခုနှင့် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခုနှင့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှအတည်ပြုလုပ် ငန်းနှစ်ခုဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀ မှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၉ ဒသမ ၅၈၄ သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့သည်။

အဆိုပါအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းတစ်ခု၊ အတည်ပြုလုပ်ငန်းငါးခု ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများအနက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်းတစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း နှစ်ခု၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု စုစုပေါင်းခြောက်ခု ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃ ဒသမ ၀၃၉ သန်းအပါအဝင် ကျပ် ၁၅၈၅၂ ဒသမ ၇၆၀ သန်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန်ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး ဆောင်ရွက်မညြ်ဖစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးစီမံကိန်းကို ကာလတိုငါးနှစ်၊ ကာလလတ် ငါးနှစ်နှင့် ကာလရှည် ၁၀ နှစ် အသီးသီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                                              

 

 

Most Read

Most Recent