ကျော်ကျော်မျိုးနှင့် တွေ့ဆုံခြင်း

ကျော်ကျော်မျိုးနှင့် တွေ့ဆုံခြင်း
Published 9 October 2019
စုမှူးနိုင်

အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၃၀ ရက်ကစပြီး ရိုက်ကူးမှုတွေ ပြုလုပ်နေပြီဖြစ်ပါပြီ။ အောင်ဆန်းဇာတ်ကားအတွက် အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးနဲ့ တွေ့ဆုံ ပြီး မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။

 

မေး - ဗိုလ်ချုပ် ရုပ်ရှင်စပြီး ရိုက်ကူးပြီဆိုတဲ့အခါ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် စိုးရိမ်မိတာတွေရှိမလား

ဖြေ- အဲဒီလိုစိုးရိမ်မိတာတော့မရှိဘူးခင်ဗျ။ ကျွန်တော့်အနေနဲ့ ဒီဇာတ်ရုပ်နဲ့ ပါဝင်နိုင်ဖို့အတွက် အချိန်တွေအများကြီး လေ့လာပြီး ပြင်ဆင်ခဲ့တယ်။ အကောင်းဆုံးလုပ်နိုင်ဖို့လည်း ပြင်ဆင်ထားတယ်။ အမှားနည်းနိုင်သမျှ နည်းနိုင်ဖို့လည်း ကြိုးစားထားတယ်။

မေး- အောင်ဆန်း ရုပ်ရှင်အတွက် အချိန်တွေအများကြီးပေးပြီး ပါဝင်ထားတာဆိုတော့ ဒီဇာတ်ကား ရိုက်ကူးပြီးသွားရင်ရော ကိုယ့်အနာဂတ်အတွက် ဘယ်လိုဆက်သွားမယ် စဉ်းစားထားလဲ

ဖြေ- လူဆိုတာကတော့ အနာဂတ်ကိုယ်စီ ရှိကြတာပါပဲ။ အတ္တလည်းမကင်း ကြပါဘူး။ ရေကြည်ရာမြက်နုရာ လျှောက်လှမ်းနေကြရတာပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ ဒီဇာတ်ကားမှာစပြီး ပါဝင်ဖြစ်ခဲ့တာကိုက ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ရမှာမို့လို့ပါ။ ဗိုလ်ချုပ်ကိုယ်တိုင်က တိုင်းပြည်နဲ့ လူထုအပေါ် ဘယ်လောက်အထိ အနစ်နာခံခဲ့သလဲ စွန့်လွှတ်မှုတွေအများကြီးနဲ့ ဘယ်လို တွေပေးဆပ်ခဲ့သလဲဆိုတာ အများကြီးပါ။ ကျွန်တော့်အနေနဲ့ သူ့နေရာမှာ ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတွက် ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု အချိန်အတာတစ်ခုကို ပေးလှူလိုက်တာပါပဲ။

မေး- ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကောင်အတွက် ကိုယ့်ဘဝ အချိန်အတိုင်းအတာတစ်ခုကို ပေးလှူလိုက်ရတယ်ဆိုတဲ့ ခံစားချက်အပေါ်မှာ ကိုယ်တိုင်က စိတ်ကျေနပ်မှုအပြည့်အဝရှိလား။

ဖြေ- ဟုတ်ကဲ့ ကျေနပ်ပါတယ်။ ကျွန်တော်ရဲ့ ပရော်ဖက်ရှင်ဖြစ်ခဲ့တဲ့ ဘောလုံးသမားဘဝဆိုတာက ငယ်ငယ်လေးကတည်းက ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ အိပ်မက်၊ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ဘဝပါ။ တကယ်လည်း နိုင်ငံလက်ရွေးစင်ဖြစ်အောင်အထိ ကြိုးစားခဲ့တယ်။ အဲဒီလိုဖြစ်ပြီးမှ ကျွန်တော်က ဒီဇာတ်ကားအ တွက် ဒီနေရာကိုဝင်လျှောက်ခဲ့တာပါ။ ကျွန်တော့်ရဲ့ စွန့်လွှတ်မှုကို ကျွန်တော် ယုံတယ်။ ဒီဇာတ်ကားအပေါ်ပဲ ကျွန်တော်စေတနာထားတယ်၊ မေတ္တာထားတယ်။ အာရုံစူးစိုက်ပြီး ကြိုးစားတယ်။

မေး- ကိုယ့်ဘက်က ဒီလိုစွန့်လွှတ်ထားမှုအပေါ်မှာ ဇနီးသည်ကရော ဘယ်လိုတွေပံ့ပိုးကူညီလဲ။

ဖြေ- ကျွန်တော်က ဒီဇာတ်ကားအတွက် အချိန်တွေအများကြီးပေးပြီး စိတ်နှစ်ကြိုးစားခဲ့တဲ့ ကာလတစ်လျှောက်လုံး သူကလည်း ဘေးကနေ ကူညီပေးခဲ့ တာပါပဲ။ သူကလည်း ကျွန်တော့်လိုပါပဲ ဒီဇာတ်ကားကို ပြီးဆုံးသည်အထိ လုပ်ဆောင်ဖို့၊ ဘယ်လိုဒုက္ခ၊ ဘယ်လိုအခက်အခဲ၊ ဘယ်လိုအနှောင့်အယှက် တွေ့တွေ့ ပြီးအောင်လုပ်ဆောင်နိုင်ဖို့ကိုပဲ ကျွန်တော်တို့ စိတ်တူကိုယ်တူကြိုး စားနေကြတာပါ။

မေး-  ဒီဇာတ်ကားအတွက် ပေးဆပ်ခဲ့တာတွေအပေါ် နောင်တရမိတာမျိုးရော ရှိလား။

ဖြေ- အဲဒီလိုအတွေးမျိုး မတွေးမိပါဘူး။ ဒီဇာတ်ကားအတွက် ကျွန်တော်ပါဝင် ခဲ့တဲ့အပေါ် နောင်တဆိုတာ အခုချိန်အထိမရှိဘူး။

မေး- ရိုက်ကူးမှုတွေစတင်ချိန်မှာ ဘယ်လိုခံစားရလဲ။

ဖြေ- တကယ်စပြီး ရိုက်ရတော့မယ်ဆိုတဲ့အချိန်မှာ ရင်ခုန်တယ်ဆိုတာမျိုး မရှိတော့ဘူး။ အားပဲဖြစ်တယ်။ ဝေဖန်မှုတွေဆိုတာကလည်း အခုချိန်မှာ ကျွန်တော့်အတွက်တော့ အားတစ်ခုပဲ။

မေး- ဝေဖန်မှုအပေါ်မှာရော ဘယ်လိုတွေ ခံစားခဲ့ရတာမျိုးရှိလဲ။

ဖြေ- ကောင်းစေချင်လို့ ဝေဖန်တာလို့ပဲ စိတ်ထဲမှတ် ပါတယ်။ ဒါပေမဲ့လည်း တချို့တွေကျတော့ အလကားကြီး ဆဲနေတာတွေရှိတယ်။ အဲဒီလို အဆဲခံရရင်လည်း သူတို့ မျှော်မှန်း ထားတဲ့ ခေါင်းဆောင်လို မဖြစ်မှာစိုးလို့ ဆဲတာလို့ပဲ ကိုယ့်ကိုယ်ကိုယ်ဖြေရတယ်။ သူတို့ ဆဲတဲ့အတွက် ကိုယ်က ပိုသိအောင် ပိုကောင်းအောင် လုပ်ရမယ်ဆိုတာ မျိုးပဲ ကိုယ့်ဘက်က ရှိပါတယ်။

မေး- ကိုယ့်ရဲ့ သရုပ်ဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်တာမျိုးရော ဖြစ်မိလား။

ဖြေ- ကျွန်တော့်အနေနဲ့ ပထမဆုံး Tesear ရိုက်တုန်းကဟာကို အခုချိန်မှာ ပြန်ကြည့်ရင်တော့အမှား တွေတွေ့တယ်။ အားမရတာတွေရှိ တယ်။ ကိုယ့်အမှားကိုယ်သိတော့ ပြင်လို့ရတာပေါ့။ စိတ်ချပါ ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ။

မေး- ပရိသတ်တွေကိုပြောချင်တဲ့ စကားရှိ မလား။

ဖြေ- အားလုံးကလည်း မျှော်လင့် တယ်။ အချိန်ကလည်း ကြာနေပြီ။ နောက်ပြီး ဒီဇာတ်ကားလက်ရှိမှာ တင်မဟုတ်ဘဲ နောင်လာနောက်သား တွေအထိပါ သမိုင်းဝင်ကျန်ရစ်မယ့် ဇာတ်ကားဆိုတဲ့အသိကို ကျွန်တော့် စိတ်ထဲ မှာ သေချာမြှုပ်နှံပြီး ကြိုးစားနေ ပါတယ်။ ဘယ်နေရာမှာမှ ပေါ့နေ လစ် ဟင်းမနေဘဲ ကြိုးစားနေပါတယ်။