စည်ပင်က မြေရှင်အဖြစ် ယာယီထိန်းသိမ်းထားသည့်တိုက်ခန်းများကို ဝန်ထမ်းဦးစားပေး၍ တစ်လကျပ်နှစ်သောင်းကျော်ဖြင့် ငှားရမ်းထားသော်လည်း ကာလပေါက်စျေး ကျပ်နှစ်သိန်းကျော်ဖြင့် ထပ်ဆင့်ငှားရမ်းခြင်းများရှိဟုဆို

စည်ပင်က မြေရှင်အဖြစ် ယာယီထိန်းသိမ်းထားသည့်တိုက်ခန်းများကို ဝန်ထမ်းဦးစားပေး၍ တစ်လကျပ်နှစ်သောင်းကျော်ဖြင့် ငှားရမ်းထားသော်လည်း ကာလပေါက်စျေး ကျပ်နှစ်သိန်းကျော်ဖြင့် ထပ်ဆင့်ငှားရမ်းခြင်းများရှိဟုဆို
ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်
ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်
Published 8 October 2019

မြို့တွင်းမြို့နယ်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေရှင်အဖြစ် ယာယီထိန်းသိမ်းထားသည့် တိုက်ခန်းများကို ဝန်ထမ်းကိုသာ ဦးစားပေး၍  တစ်လ ကျပ် ၂၀၀၀၀ ကျော်ဖြင့် ငှားရမ်းထားသော်လည်း ကာလပေါက်စျေး ကျပ် နှစ်သိန်းကျော်ဖြင့် ထပ်ဆင့်ငှားရမ်းခြင်းများရှိကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၃ ရက်တွင် ပြောကြားသည်။

ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ ရန်ကုန်မြို့တွင်  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြေရှင်အဖြစ် ယာယီထိန်းသိမ်းထား သော တိုက်ခန်းများအား မြို့နယ်အလိုက် လိပ်စာနှင့်တကွ မည်မျှရှိကြောင်း သိရှိလိုပါသည်။ ထိုတိုက်ခန်းများအား ပြန်လည်ငှားရမ်းသည့်အခါတွင် မည်သို့သော စံနှုန်းသတ်မှတ်ချက်များနှင့် မည်သူများအား ပြန်လည်ငှားရမ်းပါသနည်း။ ထိုတိုက်ခန်းများ၏ ငှားရမ်းခငွေအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ဘဏ္ဍာနှစ်အလိုက် မည်မျှရရှိခဲ့သည်ကို သိရှိလိုကြောင်း မေးခွန်းအား မေးမြန်းခဲ့သည်။

ကော်မတီက ယာယီအိမ်ရှင်အဖြစ်  ထိန်းသိမ်းထားသည့် တိုက်ခန်းပေါင်း ၄၉၆ ခန်းရှိပြီး ငှားရမ်းထားသည့်အခန်းပေါင်း  ၂၃၈ ခန်းရှိကာ ဝန်ထမ်းကိုသာ ဦးစားပေးငှားရမ်းထားကြောင်း မြို့တော်ဝန်က ပြောကြားသည်။

“ငှားထားတဲ့ဥစ္စာတွေကလည်း တစ်နှစ်တစ်ကြိမ် ငှားထားပါတယ်။ ရေရှည်ငှားလို့ မရဘူး။ စာရင်းအရပြောရရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ငှားရမ်းခနှုန်းက ကျောက်တံတားမြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်နဲ့ပန်းဘဲတန်းမြို့နယ်တွေမှာ တစ်စတုန်း ရန်းပေမှ လေးကျပ်ပဲဖြစ်ပါတယ်။ ဗိုလ် တထောင်မြို့နယ်နဲ့ ပုဇွန်တောင်မြို့နယ်မှာ တစ်စတုရန်းပေကိုသုံးကျပ်နဲ့ပြား၂၀ ဖြစ်ပါတယ်။ ကျန်မြို့နယ်တွေမှာ တစ်စတုရန်းပေ နှစ်ကျပ်နဲ့ ပြား ၄၀ သာ ကောက်ခံပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ဒါတွေဟာ ငှားရမ်းခတွေက ကာလနဲ့မသင့်တော်တော့ဘူး။ ဒါတွေကို ပြင်ဖို့လိုတယ်ဆိုတဲ့အတွက်ကော်မတီကလည်း ငှားရမ်းခနှုန်းထားတွေကို ၁၀ ဆတိုးပြီး ကောက်ခံခဲ့ပါတယ်”ဟု မြို့တော်ဝန်က ပြောကြားသည်။

ထို့နောက် ဆက်စပ်မေးခွန်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ကျောက်တံတား၊ ပန်းဘဲတန်းကဲ့သို့ မြို့နယ်များတွင် တစ်စတုရန်းပေကို ကျပ် ၃၀ ကျော် ဆိုသည်မှာ တစ်လကို ၂၀၀၀၀ ကျော်သာ ရှိ ကြောင်း၊ မြေပြင်မှ အိမ်ခြံမြေအကျိုးဆောင် များကိုမေးကြည့်ရာ အဆိုပါအခန်းများမှာ ကျပ် နှစ်သိန်း၊ နှစ်သိန်းခွဲ အောက်ထစ်ရှိကြောင်း ပြောကြားသည်။

“ဒါတွေကို ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဌာနက သူတို့တွေကိုပဲ ပေးငှားတယ်ဆိုတဲ့ အနေအထားကိုတွေ့ရပါတယ်။ ဒါပေမဲ့ မြေ ပြင်မှာဌာနကသူတွေက ကိုယ်တိုင်မနေဘဲနဲ့ ထပ်ဆင့်ငှားထားတယ်ဆိုတာကို စာရင်းဇယားနဲ့တကွ ပြောပြလို့ရပါတယ်။ ဒီလိုမျိုး ဌာနကနေပြီးတော ့ဝန်ထမ်းမို့လို့ပေးနေထားတယ်။ ဒါပေမဲ့ သူတို့တကယ်မနေဘဲ ထပ် ဆင့်ငှားထားတာတွေကိုကော ဌာနကဘယ်လို ဆောင်ရွက်ဖို့အစီအစဉ်ရှိပါသလဲ”ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။

အဆိုပါမေးမြန်းမှုနှင့်ပတ်သက်ပြီး မြို့ တော်ဝန်က”ရည်ရွယ်ချက်က ယာယီအိမ် ရှင်အဖြစ်တာဝန်ယူထားရတာပါ။ တိုက်ခန်းကိုပိုင်ရှင်ပေါ်ရင်ပြန်ပေးရမယ်ဆိုတဲ့အနေနဲ့ ထားတဲ့အတွက်ကြောင့် စီးပွားဖြစ်လုပ်လို့ မရပါဘူး။ အဲဒီအတွက်ကြောင့် ဝန်ထမ်းကို ပဲ ဦးစားပေးငှားပြီးတော့အစိုးရ တိုက်ခန်းအနေနဲ့ချထားပေးခြင်းဖြစ်ပါတယ်”ဟု ပြောကြားသည်။

လက်ရှိတွင် ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊လသာမြို့နယ်နှင့်ပန်းဘဲ တန်းမြို့နယ်များတွင် တစ်စတုရန်းပေလျှင် ကျပ် ၄၀၊ ဗိုလ်တထောင်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ် တစ်စတုရန်းပေ ၃၂ကျပ်နှင့် ကျန်မြို့နယ်များတွင် တစ်စတုရန်းပေ ၂၄ ကျပ် နှုန်းဖြင့်ကောက်ခံထားပြီး ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်တွင် ငှားရမ်းခများကို ၁၀ ရာ ခိုင်နှုန်းထပ်မံတိုးကောက်ခံရန် ဆုံးဖြတ်ထား ပြီးဖြစ်ကြောင်းမြို့တော်ဝန် ဆိုသည်။

 

 

Most Read

Most Recent