ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် တစ်ရက်လျှင် ပျမ်းမျှသဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ ခန့်နှင့် ရေနံစိမ်းတန်ချိန် ၁၆၀၀၀ ခန့် နေ့စဉ်ပို့လွှတ်ပေးလျက်ရှိ

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် တစ်ရက်လျှင် ပျမ်းမျှသဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ ခန့်နှင့် ရေနံစိမ်းတန်ချိန် ၁၆၀၀၀ ခန့် နေ့စဉ်ပို့လွှတ်ပေးလျက်ရှိ
  ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်ရေးစခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- SEAGP & SEAOP)
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့လွှတ်ရေးစခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- SEAGP & SEAOP)
Published 7 October 2019
နီလာ

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တစ်ရက်လျှင် ပျမ်းမျှ သဘာဝဓာတ်ငွေ့ကုဗပေသန်း ၄၀၀ ခန့်နှင့် ရခိုင်ပြည်နယ် မဒဲကျွန်းမှ ပျမ်းမျှရေနံစိမ်း တန်ချိန်  ၁၆၀၀၀ ခန့် နေ့စဉ်ပို့လွှတ်ပေးလျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းသုံးစွဲမှုအနေဖြင့်မူ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ ခန့် ရယူသုံးစွဲလျက်ရှိကြောင်း သိရသည်။

မြန်မာ - တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းမှစတင်၍ လည်းကောင်း၊ ရေနံစိမ်းပိုက်လိုင်းသည် မဒဲကျွန်းမှစတင်၍လည်းကောင်း သွယ်တန်းထားသည်။ ပိုက်လိုင်းများသည် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို  ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ အသီးသီး ဝင်ရောက်သွယ်တန်းထားသည်။ ရေနံစိမ်းပိုက်လိုင်းသည် စုစုပေါင်း ၇၇၁ ကီလိုမီတာရှည်လျားပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာမူ စုစုပေါင်း ၇၉၃ ကီလိုမီတာ ရှည်လျားသည်။

၂၀၁၉ ခုနှစ် ဇွန်လအထိ ခြောက်လအတွင်း မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် တရုတ်သို့ ရေနံစိမ်းတန်ချိန် ငါးသန်းနှင့် သဘာဝဓာတ်ငွေ့တန်ချိန် ၁ ဒသမ ၆၈ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရေနံစိမ်းတင်ပို့မှု ပိုမိုမြင့်တက်ခဲ့ကြောင်း Xinhua သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ပထမခြောက်လတာကာလအတွင်း မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ရေနံစိမ်းတန်ချိန် ငါးသန်းဝန်းကျင် တင်သွင်းနိုင်ခဲ့ရာ ယခင်နှစ်ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း  ယူနန်ပြည်နယ် ကူမင်းအကောက်ခွန်ဌာနက ၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည့် တင်သွင်းမှု စာရင်းအချက်အလက်များအရ သိရသည်။

မြန်မာ-တရုတ် ရေနံပိုက်လိုင်းမှတစ်ဆင့် ခြောက်လအတွင်းတင်ပို့သော ရေနံစိမ်းများ၏ တန်ဖိုးပမာဏမှာ တရုတ်ယွမ်ငွေ ၁၇ ဒသမ ၂၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၁ ဘီလျံ) ခန့်ဖြစ်ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တင်ပို့ခဲ့သော ရေနံစိမ်းတစ်တန်လျှင် ပျမ်းမျှတန်ဖိုး ၃၄၄၃ ဒသမ ၈ ယွမ်ဝန်းကျင် စျေးနှုန်းကျသင့်ခြင်းကြောင့် ယခင်နှစ် အလားတူကာလအတွင်း ကျသင့်ခဲ့သည့် စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၄ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ထို့အတူ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ခြောက်လအတွင်း တင်သွင်းခဲ့သည့် သဘာဝဓာတ်ငွေ့ပမာဏမှာ တန်ချိန် ၁ ဒသမ ၆၈ သန်း (ကုဗမီတာ ၂ ဒသမ ၅ ဘီလျံ) ဝန်းကျင်ရှိပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့များ၏ တန်ဖိုးပမာဏသည် ယွမ် ၅ ဒသမ ၈၉ ဘီလျံ (အမေ ရိကနဒေါ်လာ သန်း ၈၀၀ ကျော်) ဖြစ်သည့်အတွက် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ဒသမ ၇ ရာ ခိုင်နှုန်းမြင့်တက်ခဲ့သည်။ တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့ တစ်တန်၏ ပျမ်းမျှတန်ဖိုးမှာ ၃၄၉၉ ဒသမ ၂ ယွမ် ဖြစ်ပြီး ယခင်နှစ်ကာလတူစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကီလိုမီတာ ၁၄၂၀ ဝန်းကျင်ရှည်လျားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ယင်းပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့တင်ပို့မှုများ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရေနံစိမ်းတင်ပို့မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံစိမ်းတန်ချိန် ၁၉ သန်းနှင့် သဘာဝဓာတ်ငွေ့တန်ချိန် ၁၃ ဒသမ ၄၄ သန်း တင်ပို့ခဲ့ပြီးဖြစ်သည်။

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာန်ယူဆောင်ရွက်ပြီး ရေနံစိမ်းပိုက်လိုင်းကိုမူ SEAOP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။                                

 

Most Read

Most Recent