စက်တင်ဘာလအတွက် တန်ဖိုးအရှိဆုံး စီးရီးအေကစားသမားဆုအား ဖီအိုရင်တီးနားအသင်း၏ အသက်(၃၆)နှစ်အရွယ် ၀ါရင့်တောင်ပံကစားသမား ရီဘာရီက ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ရီဘာရီသည် ယခုရာသီအစတွင်မှ ဖီအိုရင်တီးနားအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူဖြစ်ပြီး စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သော ဖီအိုရင်တီးနားအသင်း၏ပွဲစဉ်များတွင် အထူးခြေစွမ်းပြသခဲ့သည်။
ရီဘာရီသည် စက်တင်ဘာလအတွင်း ဖီအိုရင်တီးနားအသင်းအတွက် (၅)ပွဲပါဝင်ကစားခဲ့ပြီး (၂)ဂိုးသွင်း၊ (၁)ဂိုးဖန်တီးကာ ပွဲတိုင်းတွင် ခြေစွမ်းပြသခဲ့သူဖြစ်သည်။
စီးရီးအေ၏ တရားဝင်ထုတ်ပြန်ချက်အရ ရီဘာရီသည် စက်တင်ဘာလအတွင်း တစ်ဦးချင်းဖြတ်ကျော်မှု (၈၆)ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အေစီမီ လန်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်ပြသခဲ့သည့် ခြေစွမ်းများကြောင့် ဆန်စီရိုကွင်းတွင် Standing Ovation (မတ်တပ်ရပ်ဂုဏ်ပြုခြင်း) ကို ခံခဲ့ရသည်။
ယခုဆုအား စီးရီးအေက စက်တင်ဘာလတွင် မှ စတင်ချီးမြှင့်ခြင်းဖြစ်ပြီး စီးရီးအေ၏ CEO ဒီဆီယာဗိုက '' ဒီရာသီရဲ့ ပထမဆုံး MVP ဆုကို ရီဘာရီလို ချန်ပီယံတစ်ယောက်ကို ချီးမြှင့်ရတာ ဂုဏ်ယူစရာပါ။ ရာသီအစမှာပဲ သူက အကောင်းဆုံးခြေစွမ်းရနေပြီ။ ကျွန်တော်တို့လိဂ်လို နည်းစနစ်ရော၊ နည်းဗျူဟာရော အဆင်မြင့်တဲ့လိဂ်မှာ သူက အဆင့်မြင့်မြင့် ခြေစွမ်းပြသွားတယ်။ သူ့ခြေစွမ်းနဲ့ စီးရီးအေပွဲစဉ်တွေကို အဆင့်အတန်းပိုမြင့်စေခဲ့ပါတယ်''ဟု ရီဘာရီ၏ ခြေစွမ်းအပေါ် ချီးကျူးခဲ့သည်။