“ဧည့်သည် ရာခိုင်နှုန်း ၆၀ လောက်က ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံတွေကို လိုက်နာမှု အားနည်းတယ်။ သူတို့ထုံးစံအတိုင်း စကားကျယ်ကျယ်ပြောမယ်။ နောက်ဘုရားတွေထဲမှာလည်း သူတို့လုပ်ချင်တာတွေ လုပ်မယ်။ ဘောင်းဘီတိုတွေဝတ်မယ်။ ဘုရားထဲရောက်ရင် လုံချည်ပတ်ပေမဲ့ ဓာတ်ပုံရိုက်ရင် ဘောင်းဘီတိုတွေနဲ့ပဲ ရိုက်မယ်။ သူတို့ကိုထိန်းမယ့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်ကလည်း မပါတော့ ပိုဆိုးတယ်။ ဧည့်လမ်းညွှန်ကလည်း တကယ် ဘာသာစကားတတ်တဲ့သူ မဟုတ်တော့ ဒီဧည့်သည်ပေါ်မှာ သြဇာသက်ရောက်မှု မရှိဘူး”
မေး - မြန်မာနိုင်ငံက လိုင်စင်ရ ဧည့်လမ်းညွှန် အရေအတွက် သိချင်ပါတယ်။ ပြီးတော့ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်နဲ့ နိုင်ငံတကာ ဧည့်လမ်းညွှန်ကရော အရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ - ၂၀၁၈ ခုနှစ် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းအရ တရားဝင်လိုင်စင်ရတဲ့ သူတွေက နိုင်ငံတကာ ဧည့်လမ်းညွှန်ဆိုရင် နံပါတ်အရ တစ်သောင်းကျော်တယ်။ သို့သော်လည်း တကယ် အလုပ်လုပ်နေတဲ့သူက ငါးထောင်ကျော် လောက်ပဲရှိတယ်။ တချို့က လိုင်စင်ရပြီး အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းမတိုးတော့တာ တွေလည်းရှိတယ်။ ဒေသဆိုင်ရာ အသိအမှတ်ပြု ဧည့်လမ်းညွှန် ဆိုတာကတော့ ပုဂံ၊ ပဲခူး၊ မန္တလေးတို့ အဲဒီလို နေရာတွေမှာပဲ သူကလိုက်ခွင့်ရှိတယ်။ အပြင်ကို ထွက်လိုက်လို့မရဘူး။ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်က လိုင်စင်အမှတ်စဉ် ၃၉၊ ၄၀ လောက်ရောက်နေပြီ ဖြစ်တဲ့အတွက် အားလုံးပေါင်း သုံးထောင်ကျော် လောက်ရှိနေပြီ။ အဲဒါကြောင့် နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်တွေ အားလုံးပေါင်း ရှစ်ထောင်နဲ့ တစ်သောင်းကြား ရှိပါတယ်။
မေး - ဧည့်လမ်းညွှန်တွေဆီမှာရော ဘယ်လိုမျိုး အခက်အခဲတွေ ရှိနေလဲဆရာ။
ဖြေ - အခုက ဘာသာစကားတတ်တဲ့ ဧည့်လမ်းညွှန်ကို ဥပမာ တရုတ်ဧည့်လမ်းညွှန်ပေါ့။ အဲဒီလိုလိုင်စင်ရ တရုတ်ဧည့်လမ်းညွှန်ကို တရုတ်ခရီးသွားတွေကိုသွင်းတဲ့ ကုမ္ပဏီတွေက မသုံးချင်ဘူး။ ဘာလို့မသုံးချင်လဲ ဆိုတာကတော့ သူတို့မှာ အကြောင်းရှိမှာပေါ့နော်။ သူတို့က ဘယ်လိုမျိုးကို သုံးချင်လဲဆိုတော့ တရုတ်စကား မတတ်ဘူး။ ရတယ် ဘယ်လောက်ပေးရမလဲ လာခဲ့ဆိုတာမျိုး။ အဲဒီမှာတင် Sitting Guide ဆိုတဲ့ အထိုင်ဂိုက်တွေ ပေါ်လာတယ်။ ဦးက ဂိုက်အချင်းချင်း ခွဲခြားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါက အလွယ်ပြောလိုက်တဲ့ ပုံစံပါ။ နစ်နာစေလိုတဲ့ သဘောတော့ မဟုတ်ဘူး။ ဒါပေမဲ့ တကယ့် တကယ် ဧည့်လမ်းညွှန် ဆိုတာက ရှင်းပြရမယ်။ ဧည့်သည်ရဲ့ ဝေယျာဝစ္စ တာဝန်ယူရမယ်။ ဆိုတော့ အခုလက်တွေ့မှာ လက်ရှိ အများအပြားဝင်နေတဲ့ တရုတ် ဧည့်သည်တွေနဲ့ ပါလာတဲ့ ရှင်းပြနေတဲ့သူတွေက တရုတ်ပြည်က ပါလာတဲ့ တရုတ်အဖွဲ့ ခေါင်းဆောင်တွေပဲ။ ဒီဘက်ကပြည်တွင်းက ခေါ်သွားတဲ့ ဧည့်လမ်းညွှန်က ဘေးကအယောင်ပြပဲ။ ဦးတို့ မှတ်တမ်းယူတဲ့အခါ ကျွန်တော်တို့ ဂိုက်ပါပါတယ်ဆိုတာလောက် အတွက်ပဲ ဖြစ်နေတယ်။ တရုတ်စာတတ်တဲ့သူ တရုတ်ဧည့်လမ်းညွှန်တွေကို မသုံးဘဲ ဘာဖြစ်လို့ တရုတ်စာလုံးဝ မတတ်တဲ့သူ (သို့မဟုတ်) ဒေသခံဧည့်လမ်းညွှန်တွေကို သုံးတယ်ဆိုတာကတော့ အဲဒီကုမ္ပဏီတွေမှာပဲ အဖြေရှိလိမ့်မယ်။
မေး - အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ ဧည့်လမ်းညွှန်အသင်း အနေနဲ့ရော ဘယ်လိုမျိုးတွေ စီမံသွားမလဲ။
ဖြေ - မြန်မာနိုင်ငံဧည့်လမ်းညွှန် အသင်းအနေနဲ့က လွန်ခဲ့တဲ့နှစ်ရက်က ရန်ကုန်တိုင်း ခရီးသွားကြီးကြပ်ရေး ကုမ္ပဏီ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့ကို စာတစ်စောင်ပို့ထားတယ်။ စာပါ အကြောင်းအရာ လိုရင်းကတော့ ခရီးစဉ်ရဲ့ အထင်ကရ နေရာတွေမှာ ဘယ်ဧည့်သည်ပဲဖြစ်ဖြစ်ပေါ့။ ဒီအထင်ကရ နေရာတွေမှာ လာတဲ့ဧည့်သည်တွေကို လိုင်စင်ရ ဧည့်လမ်းညွှန် မြန်မာလူမျိုးကသာ ရှင်းလင်းတင်ပြခွင့် ရှိရန်အတွက် သက်ဆိုင်ရာ ဂေါပက အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ရန်ကုန်တိုင်းအစိုးရအနေနဲ့ ညွှန်ကြားပေးပါဆိုပြီး ဦးတို့အသင်းက စာတစ်စောင် တင်ထားပါတယ်။ ဦးတို့ ၂၀၁၈ ခရီးလုပ်ငန်း ဥပဒေအသစ်မှာလည်း ဒါကရှိပြီးသားပါ။ ခရီးစဉ် ဒေသများမှာ လိုင်စင်ရ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန်များမှသာ ရှင်းလင်းတင်ပြခွင့် ရှိသည်ဆိုတဲ့ အချက်ကိုပဲ အခြေခံပြီးပဲ စာတင်ထားပါတယ်။
မေး - တရုတ်ဧည့်လမ်းညွှန် အရေအတွက်ကရော ဘယ်လောက်အထိရှိလဲ ဆရာ။
ဖြေ - လက်ရှိ ဦးတို့ဆီမှာ တရုတ်ဧည့်လမ်းညွှန် အရေအတွက်က သုံးရာကျော်လောက်ရှိတယ်။ တရုတ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ လိုင်စင်ရ ဧည့်လမ်းညွှန်ပေါ့နော်။
မေး - သက်ဆိုင်ရာ ဘာသာစကား မတတ်ဘဲ ဧည့်လမ်းညွှန်ပါတယ်ဆိုတဲ့ အမည်ခံသက်သက်ပဲ ဆိုတာကို နည်းနည်းလောက် ရှင်းပြပေးပါဦး။
ဖြေ - သက်ဆိုင်ရာ ဘာသာစကား မတတ်ဘဲ ဧည့်လမ်းညွှန်တွေ ခေါ်တာမျိုးက ဖြစ်တတ်ပါတယ်။ ဥပမာ ဦးက တရုတ်လို မတတ်ဘူး။ အင်္ဂလိပ်လိုရတယ် အဲဒီအခါ သူတို့ရဲ့ ခရီးသွားအဖွဲ့ခေါင်းဆောင်ကို အင်္ဂလိပ်လို ရှင်းပြတယ်။ သူကမှတစ်ဆင့် သူရဲ့ဘာသာစကားနဲ့ ပြန်ရှင်းပြမယ်။ အဲဒီလိုမျိုးက လုပ်ခွင့်ရှိတယ်။ သို့သော်လည်း ဒေသခံဧည့်လမ်းညွှန်က ဘာမှရှင်းလင်း ပြောကြားတာမရှိဘဲ ဧည့်လမ်းညွှန်ပါတယ်ဆိုတဲ့ အမည်ခံ သက်သက်ဆိုရင် ဗိုလ်ချုပ်စျေးလို နေရာမျိုးက ခေါ်လို့ရတယ်။ ဒါပေမဲ့ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေ ရှင်းပြရမယ့်နေရာမျိုးမှာ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် လုံးဝမပါတာတွေ၊ ပါလာခဲ့ရင် ဘေးက ဘာမှမပြောရဘဲ နေတာမျိုးတွေ တချို့ဆို ပုဂံမှာ တွေ့ရတာက ဘုရားဝင်ပေါက်တွေမှာပဲ နေခဲ့ရတာမျိုးတွေ တောင်ရှိတယ်။ နိုင်ငံတကာ ဧည့်လမ်းညွှန်တွေကတော့ အဲဒီလိုမျိုးကို သိပ်မလိုက်ကြဘူး။ ဝင်ငွေတော့ရပေမဲ့ အလုပ်ပိုင်းဆိုင်ရာမှာ ဂုဏ်သိက္ခာအရ မလိုက်ချင်ကြဘူး။ အဲဒီအခါမှာ ဒေသဆိုင်ရာ အသိအမှတ်ပြု ဧည့်လမ်းညွှန်လေးတွေက လိုက်ကြတယ်။ သူတို့ကလည်း အလုပ်အတွေ့အကြုံ လိုချင်တာကိုး။ ဒါပေမဲ့ သူတို့အတွက် ရေရှည်မှာ မကောင်းဘူး။ ဝင်ငွေအထိုက်အလျောက် ရနိုင်ပေမဲ့ ဧည့်သည်နဲ့ စကားမပြောရ၊ ဆက်သွယ်မှု ဘာမှမရှိ ပွင့်ပွင့်လင်းလင်း ပြောရရင် လေယာဉ်လက်မှတ် Check in လုပ်ရုံ၊ ဟိုတယ်မှာ Check in လုပ်ရုံ၊ စားသောက်ဆိုင်မှာ နေရာချပေးရုံ လုပ်ရတာတွေက သူတို့ရဲ့ အရည်အသွေးကို ကျစေတယ်။ သူတို့မှာ တကယ် ဧည့်သည်နဲ့ အလုပ်လုပ်ရတဲ့ အတွေ့အကြုံက ဘာမှမရှိသလို ဖြစ်နေတာလေ။
မေး - တရုတ်ခရီးသွားတွေ မြန်မာန်ိုင်ငံကို အများအပြား ဝင်ရောက်လာတဲ့ အပေါ်မှာရော ဆရာ့အတွေ့အကြုံအရ တခြားအနောက်နိုင်ငံသားတွေရဲ့ အမြင်က ဘယ်လိုရှိနိုင်လဲ။
ဖြေ - တရုတ်ခရီးသွားတွေ အများကြီးဝင်လာတဲ့ အပေါ်မှာ ဥရောပ ဧည့်သည်တွေ အများကြီး ကျသွားတာတွေ ဖြစ်လာနိုင်တယ်။ ဘာလို့ဆို ဧည့်သည်တိုးရစ်တွေ သဘောက ဧည့်သည်အများကြီး မတွေ့ချင်ဘူး။ အဲဒီမှာမှ အထူးသဖြင့် တရုတ်ဧည့်သည်တွေ ရှိတဲ့နေရာကို ဥရောပ ဧည့်သည်တွေက မသွားချင်ဘူး။ အခုဆို လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း တရုတ်ဧည့်သည်တွေရဲ့ ပုံမျိုးစုံ တက်နေတာပဲလေ။ အားလုံးတော့ မဆိုလိုပေမဲ့ လက်ရှိဝင်နေတဲ့ တရုတ်ဧည့်သည်တွေရဲ့ သူတို့ပြောတဲ့ ဇီးရိုးဘတ်ဂျက် ဆိုတာပဲဖြစ်ဖြစ် အများကြီး ဝင်နေတဲ့ ဒီဧည့်သည် ရာခိုင်နှုန်း ၆၀ လောက်က ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံတွေကို လိုက်နာမှု အားနည်းတယ်။ သူတို့ထုံးစံအတိုင်း စကားကျယ်ကျယ် ပြောမယ်။ နောက်ဘုရားတွေထဲမှာလည်း သူတို့လုပ်ချင်တာတွေ လုပ်မယ်။ ဘောင်းဘီတိုတွေဝတ်မယ်။ ဘုရားထဲရောက်ရင် လုံချည်ပတ်ပေမဲ့ ဓာတ်ပုံရိုက်ရင် ဘောင်းဘီတိုတွေနဲ့ပဲ ရိုက်မယ်။ သူတို့ကိုထိန်းမယ့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်ကလည်း မပါတော့ ပိုဆိုးတယ်။ ဧည့်လမ်းညွှန်ကလည်း တကယ်ဘာသာစကား တတ်တဲ့သူ မဟုတ်တော့ ဒီဧည့်သည်ပေါ်မှာ သြဇာသက်ရောက်မှု မရှိဘူး။ မန္တလေးမှာ ဒီလိုအချိန်ဆို ဦးပိန်တံတား လူတွေပြည့်နေပြီ။ လမ်းလျှောက်လို့တောင် မရတော့ဘူး။ တရုတ်ဧည့်သည် လူရှစ်ရာ တစ်ထောင်လောက်က ဒီဘက်ကို ရောက်လာတာ။ ဒါတွေကိုလည်း ထိန်းချုပ်ဖို့ လိုနေတယ်။
မေး - ဒီလိုတရုတ်ခရီးသွားတွေ ဝင်တဲ့အပေါ်မှာ မြန်မာနိုင်ငံမှာ ဘာတွေကောင်းတဲ့ဘက်က ကြည့်ရင် ဘာတွေ ကျန်နိုင်လဲ။ ဆိုးတဲ့ဘက်က ဆိုရင်တော့ ဘာတွေရှိမလဲ။
ဖြေ - ဌာနပိုင်းဆိုင်ရာအနေနဲ့ ပြောရမယ် ဆိုရင်တော့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနအနေနဲ့ ဗီဇာအတွက် တစ်ယောက် ၅၀ နဲ့ အပြည့်ရတယ်။ ပြီးရင် တချို့အနည်းအကျဉ်းသော အခြေခံလူတန်းစားတွေ အတွက်လည်း အနည်းငယ် အထောက်အကူ ဖြစ်လိမ့်မယ်။ လမ်းဘေး စျေးသည်တွေလည်း နည်းနည်းပါးပါး စျေးရောင်းရတာမျိုးရှိမယ်။ ခရီးသွားလုပ်ငန်းရဲ့ သဘောက အလုပ်အကိုင် အခွင့်အလမ်းအားလုံး မျှမျှတတ ရဖို့လေ။ အခုလက်ရှိ ဝင်နေတဲ့ တရုတ်ခရီးသွားတွေမှာကျတော့ လူတန်းစား အဖွဲ့အစည်းတစ်ရပ် အတွက်ပဲ ဖြစ်နေတယ်။
ပြီးတော့ သူတို့ဝင်လာတဲ့အတွက် အနောက်ခရီးသွားတွေ ဘယ်လောက်အထိ လျော့သွားလဲ ဆိုတာကိုလည်း ထည့်တွက်ရမယ်။ အခုလို တရုတ်ခရီးသွားတွေ အရေအတွက် အများကြီးနဲ့ ဝင်လာမယ်။ အထိန်းအကွပ် မရှိဘူးဆိုရင် ရေရှည်မှာတော့ ခရီးသွားလုပ်ငန်းအတွက် မကောင်းဘူး။ ပြီးရင် မြန်မာနိုင်ငံမှာ တရုတ်ဧည့်သည်တွေ အများကြီး လာတယ်ဆိုတဲ့သတင်း ထွက်သွားရင် ဥရောပ ဧည့်သည်တွေ လျော့သွားနိုင်တယ်။
မေး - သူတို့တွေက ငွေကြေးကို ဘယ်လိုစနစ်နဲ့ သုံးစွဲမှုတွေရှိလဲ။
ဖြေ - အဲဒါကို ဝန်ကြီးဌာနအနေနဲ့ Ali Pay တွေ၊ Wechat Pay တွေနဲ့ ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့ ကြားတယ်။ တိတိကျကျတော့ မသိသေးဘူး။ လောလောဆယ် သိရသလောက်က တရုတ်နိုင်ငံသားတိုင်းမှာ Wechat အကောင့်ရှိတယ်။ အဲဒီတော့ သူတို့က မြန်မာပြည်ရောက်လာတဲ့အခါ သူတို့အကောင့်နဲ့ ဝယ်လိုက်တယ်။ Wechat အပေးအယူ လုပ်လိုက်တဲ့ အခါမှာ အခွန်တွေလည်း ဖြတ်စရာမလိုဘဲ တရုတ်ပြည်က ပိုက်ဆံက တရုတ်ပြည်ထဲပဲ ပြန်ဝင်သွားတယ်။ ဦးတို့ဆီက ပစ္စည်းကတော့ ပါသွားတယ်။ အဲဒီပစ္စည်းကို ဘယ်လိုထုတ်လဲ ဆိုတာကတော့ သက်ဆိုင်ရာ ဌာနတွေရဲ့အပိုင်း ဖြစ်သွားပြီ။ အဲဒါက ဦးတို့က တိတိကျကျ မသိသေးတဲ့ အရာတွေဆိုတော့ ပြောရတော့ခက်တယ်။ ဒါပေမဲ့ သူတို့မှာလည်း သက်ဆိုင်ရာ လမ်းကြောင်းတော့ ရှိလိမ့်မယ်။ ရှိတဲ့နည်းနဲ့ပဲ သူတို့ထုတ်သွားတယ်လို့ပဲ သတ်မှတ်တယ်။ သေးသေးမွှားမွှားတွေက ကိစ္စမရှိပေမဲ့ တချို့အဖွဲ့တွေမှာ အများကြီးဝယ်တာတွေဆိုရင် သူတို့အနေနဲ့ ထွက်ဖို့ လမ်းကြောင်း ရှာရတော့မယ်လေ။
မေး - ဒါတွေနဲ့ ပတ်သက်လို့ ခရီးသွားဝန်ကြီးဌာနကို ဧည့်လမ်းညွှန်အသင်း အနေနဲ့ ဘယ်လိုအကြံပေးချင်လဲ။
ဖြေ - ဧည့်လမ်းညွှန်အသင်း အနေနဲ့ဆိုရင် ဘယ်ဧည့်သည်ပဲလာလာ နိုင်ငံတကာ ဧည့်သည်တွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ဝင်လာတဲ့ ဧည့်သည်ရဲ့ ပုံရိပ်က ကျန်တဲ့စျေးကွက်ပေါ်မှာ ဘယ်လိုအကျိုး ထိခိုက်မှုတွေရှိလဲ ဆိုတာကို စနစ်တကျလေး လုပ်ဖို့နဲ့ ခရီးသွား ဥပဒေကိုလည်း ထိထိရောက်ရောက်လေး လုပ်ပေးစေချင်ပါတယ်။ လိုင်စင်ရ ဧည့်လမ်းညွှန်ကိုသာ အသုံးပြုရမယ်ဆိုရင် အသုံးပြုရမယ် ဆိုတာပဲ ဖြစ်စေချင်တယ်။ အဲဒီလိုမဟုတ်ဘဲ အမည်ခံ ဧည့်လမ်းညွှန်တို့ အထိုင်ဂိုက်တို့ ဒါမျိုးတွေ လက်မခံရဘူး။ ဒါတွေအပေါ်မှာလည်း အရေးယူသင့်တယ်။ တစ်ယောက်နှစ်ယောက် ဖြစ်ဖြစ် တစ်ဖွဲ့နှစ်ဖွဲ့ဖြစ်ဖြစ် အရေးယူလိုက်ရင် ဒါတွေက ပပျောက်သွားနိုင်တယ်။