လာမည့်နှစ်တွင် ရွေးကောက်ပွဲရှိသည့်အတွက် နိုင်ငံတကာကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်၍ မရနိုင်သော်လည်း အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီနိုင်မည်ဟုဆို

လာမည့်နှစ်တွင် ရွေးကောက်ပွဲရှိသည့်အတွက် နိုင်ငံတကာကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်၍ မရနိုင်သော်လည်း အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီနိုင်မည်ဟုဆို
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန်ကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန်ကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 6 October 2019
 နီလာ

လာမည့်နှစ်တွင် ရွေးကောက်ပွဲရှိသည့်အတွက် ရွေးကောက်ပွဲ ရလဒ်အခြေအနေကို စောင့်ကြည့်ကာ ရင်းနှီးမြှုပ်နှံလေ့ရှိသည့် နိုင်ငံတကာကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် လာရောက် မြှုပ်နှံကြရန် မျှော်လင့်၍မရနိုင်သော်လည်း အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ပြည့်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက Weekly Eleven ဂျာနယ်သို့ ပြော ကြားသည်။

“ လာမယ့်နှစ်က ၂၀၂၀ ပြည့်နှစ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရှိတဲ့အတွက် ကျွန်တော်တို့တိုင်းပြည်တင် မဟုတ်ပါဘူး၊ နိုင်ငံတကာမှာပါ သူတို့ ခဏစောင့်ကြည့်လေ့ရှိတယ်။ စောင့်ပြီးတော့မှ ရွေးကောက်ပွဲ ပြီးသွားတော့မှ ဖြစ်လာတဲ့အစိုးရရဲ့ အနေအထားကို ကြည့်ပြီးတော့မှ ဝင်လေ့ရှိတယ်။ များသောအားဖြင့် နိုင်ငံတကာမှာလုပ်နေတဲ့ ကုမ္ပဏီကြီးတွေ ရဲ့ သူတို့ရဲ့သဘာဝပေါ့နော်။ ကိုယ့်တိုင်းပြည်တစ်ခုတည်း မဟုတ်ဘူး။ ဘာလို့လဲဆိုရင် နိုင်ငံတကာကုမ္ပဏီကြီးတွေအနေနဲ့ ရွေးကောက်ပွဲရှိတဲ့ ဖြစ်စဉ်အနေအထားကို ကြည့်ပြီး သူတို့စောင့်ကြည့်ရင်လည်း ကြည့်နိုင်တာပေါ့” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံ တွင် လက်ရှိအစိုးရလက်ထက် ထုတ်ပြန်ထားသည့် စီမံကိန်းဘဏ် (Project Bank) ရှိကြောင်း၊ ယင်းစီမံကိန်းဘဏ်တွင် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်သွားမည့် စီမံကိန်းများ၊ ဝန်ကြီးဌာနအလိုက် အကောင်အ ထည်ဖော်မည့် စီမံကိန်းများ ပါဝင်ကြောင်း၊ ယင်းစီမံကိန်းများ၊ အခြေခံ အဆောက်အအုံနှင့် ပတ်သက်သည့် လုပ်ငန်းကြီးများကို လာမည့်နှစ်တွင် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့ လုပ်ငန်းကြီးတွေ လာမယ့်နှစ်မှာ ဖိတ်ခေါ်ဖို့ရှိတယ်။ အဲဒီတော့ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့ လုပ်ငန်းကြီးတွေက ဘာပဲပြောပြော ရင်းနှီးမြှုပ်နှံမှု အကြီးကြီးဝင်တဲ့ လုပ်ငန်းမျိုးပေါ့နော်။ အဲဒီလိုလုပ်ငန်းမျိုးကြီးတွေ၊ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်တဲ့လုပ်ငန်းကြီးတွေ ဝင်လာရင် ခုနက ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ အနေအထားက ပြန်ထေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ တင်ဒါခေါ်မည်ဆိုပါက သန်းပေါင်းများစွာသော စီမံကိန်းများ ဝင်လာနိုင်ကြောင်း သိရသည်။

“တချို့တွေ ရင်းနှီးမြှုပ်နှံမှုထပ်ချဲ့ဖို့ ရှိတယ်။ ထပ်ချဲ့ဖို့ရှိတော့ တယ်လီကွန်းဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကလည်း သန်းရာပေါင်းများစွာ ဝင်လာနိုင်တဲ့အနေအထားရှိတယ်။ အဲဒီအတွက် လာမယ့်နှစ်ကတော့ ရွေးကောက်ပွဲကြောင့် တချို့နိုင်ငံတကာကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိပ်မျှော်လင့်လို့မရသော်လည်းပဲ အခြေခံအဆောက်အအုံတွေရယ်၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ရယ်၊ ဆက်သွယ်ရေးကဏ္ဍက ဝင်လာနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပေါင်းလိုက်ရင်တော့ လျာထားချက်တော့ ပြည့်မီမယ်လို့ မျှော်လင့်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံကျော်နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကျပ် ဘီလျံ ၁၆၉၀ ကျော် ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

“၂၀၁၈-၂၀၁၉ အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကာလတူထက် တော်တော်များများပိုပေမဲ့ လျာထားချက်ကိုတော့ မီခဲ့ခြင်းမရှိပါဘူး”  ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။               

 

 

Most Read

Most Recent