“၀” လက်နက်ကိုင်အဖွဲ့နှင့် မူးယစ်မှောင်ခိုဂိုဏ်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အလောင်းနှစ်လောင်း၊ လူရှစ်ဦး၊ စိတ်ကြွမူးယစ်ဆေးပြား ၁၈ သိန်းနှင့် သေနတ်တစ်လက်ကို “၀” လက်နက်ကိုင်အဖွဲ့ ရရှိခဲ့

“၀” လက်နက်ကိုင်အဖွဲ့နှင့် မူးယစ်မှောင်ခိုဂိုဏ်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အလောင်းနှစ်လောင်း၊ လူရှစ်ဦး၊ စိတ်ကြွမူးယစ်ဆေးပြား ၁၈ သိန်းနှင့် သေနတ်တစ်လက်ကို “၀” လက်နက်ကိုင်အဖွဲ့ ရရှိခဲ့
Published 3 October 2019
မင်းနိုင်စိုး

 

“၀” လက်နက်ကိုင်အဖွဲ့ (UWSA) နှင့် မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုတို့ အောက်တိုဘာ ၁ ရက် နံနက် ၁၁ နာရီတွင် ဟွေအောမြို့နယ်၊ နမ့်ယွန်းကျေးရွာအနီးရှိ လွယ်ထွေးတောင်ကြားတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါပစ်ခတ်မှုအတွင်း မူးယစ်မှောင်ခိုဂိုဏ်းဘက်မှ အလောင်းနှစ်လောင်း၊ လူရှစ်ဦး၊ WY စိတ်ကြွမူးယစ်ဆေး ပြား ၁၈ သိန်းနှင့် သေနတ်တစ်လက်တို့ကို “၀” လက်နက်ကိုင်အဖွဲ့ (UWSA) က သိမ်းဆည်းရမိခဲ့ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

မူးယစ်မှောင်ခိုအဖွဲ့တစ်ဖွဲ့သည် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ တောင်ပိုင်း (၁၇၁) စစ်ဒေသနယ်မြေအား ဖြတ်သန်း၍ တစ်ဖက်ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးများပို့ဆောင်မည်ဟု UWSA အဖွဲ့က သတင်းရရှိပြီးနောက် UWSA (171) စစ်ဒေသကွပ်ကဲရေးမှူး၊ မူးယစ်အထူးနှိမ်နင်းရေးအဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်မှ စတင်ကာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် စောင့်ဆိုင်းဖမ်းဆီးရန် စီစဉ်မှုများပြုလုပ်ခဲ့ကြောင်း ဦးညီရန်းက ၎င်းအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ စောင့်ဆိုင်းဖမ်းဆီးရန် စီစဉ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ ခန့် အကြာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ဟွေအောမြို့နယ်၊ နမ့်ယွန်းကျေးရွာအနီးရှိ တပ်မတော်တပ်စခန်းနှင့် လွယ်ထွေးတောင်ကြားအတွင်း ကင်းလှည့်နေသည့် အဖွဲ့သည် မသင်္ကာဖွယ်လူတစ်စုအား တွေ့ရှိခဲ့ရပြီး အနီးကပ်တွေ့ရှိချိန်တွင် မေးမြန်းမှုများ ပြုလုပ်ရာတွင် မူးယစ်မှောင်ခိုဂိုဏ်းဘက်ကM-16 သေနတ်ဖြင့် စတင်ပစ်ခတ်မှုများ ပြုလုပ်လာသဖြင့် နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်မှောင်ခိုဂိုဏ်းဘက်မှ ဒဏ်ရာရရှိသူ တစ်ဦးအပါအဝင် လူရှစ်ဦး၊ အလောင်းနှစ်လောင်း၊ WY စိတ်ကြွမူးယစ်ဆေးပြား (၁၈) သိန်းနှင့် သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကျန်မူးယစ်မှောင်ခိုသမားများမှာ ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ယခု ဖမ်းဆီးရမိခဲ့သူများမှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့ကို UWSA အဖွဲ့က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု UWSA အဖွဲ့၏ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

“မြန်မာ့တပ်မတော်တပ်စခန်းနဲ့ ရွာကြားတွေမှာ ရှိနေတဲ့ တောင်ကြားတွေမှာ သွားတွေ့တာပါ။ တပ်မတော်တပ်စခန်းနဲ့ လွယ်ထွေးတောင်ကြားမှာတွေ့တာပါ။ (၁၇၁) စစ်ဒေသက တွေ့တာပေါ့။ ထွက်ပြေးသွားတဲ့သူတချို့က ထိုင်းဘက်ကမ်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီဘက်ကို လိုက်လံဖမ်းဆီးဖို့ကတော့ အခက်အခဲရှိပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားတွေပါပဲ။ ကျွန်တော်တို့ စိစစ်မှုတွေ လုပ်နေဆဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကမှဖမ်းမိတာ ဆိုတော့လေ။ အဲဒါ စိစစ်မှုတွေ လုပ်နေတယ်” ဟု ဦးညီရန်းက ပြောကြားသည်။

ထွက်ပြေး လွတ်မြောက်သွားသူများအား ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေမှုများ ပြုလုပ်နေပြီး ဖမ်းဆီးရမိထားသူများအား အစိုးရထံ လွဲပြောင်းပေးခြင်း ရှိ၊ မရှိ မည်သို့ ညှိနှိုင်းတိုင်ပင်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်ဟု ဦးညီရန်းက ဆိုသည်။

“အရင်တုန်းကတော့ ကျွန်တော်တို့ အစိုးရကို လွဲပြောင်းပေးခဲ့ဖူးတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ ဒီတစ်ခါတော့ လူကြီးပိုင်းတွေ ဘယ်လိုမျိုးတိုင်ပင်ညှိနှိုင်းမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်” ဟု ၎င်းက ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသူများ ဖမ်းဆီးရမိရေးအတွက် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိ၊ မရှိကိုမူ ၎င်းအနေဖြင့် မသိရှိရသေးကြောင်း ဦးညီရန်းက ပြောကြားခဲ့ပြီး နယ်စပ်ဒေသအား အသုံးပြု၍ မူးယစ်ဆေးဝါးရောင်းဝယ်သူများကို “၀” အဖွဲ့က “၀” တောင်ပိုင်း (၁၇၁) စစ်ဒေသတွင် မကြာခဏ ဖမ်းဆီးရမိမှုများ ရှိနေကြောင်းသိရသည်။

 

 

Most Read

Most Recent