ကမာရွတ်မြို့နယ် စည်ပင်သာယာရုံး တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဘတ်ဂျက်တောင်းခံရာတွင် စည်ပင်အနေဖြင့် လွှတ်တော်ကို မထီမဲ့မြင်ပြုလုပ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ကမာရွတ်မြို့နယ် စည်ပင်သာယာရုံး တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဘတ်ဂျက်တောင်းခံရာတွင် စည်ပင်အနေဖြင့် လွှတ်တော်ကို မထီမဲ့မြင်ပြုလုပ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ရန်ကုန်တိုင်းဒေသကြီး ဒဿမပုံမှန်အစည်းအဝေး ကျင်းပနေမှုကိုတွေ့ရစဉ် (ဓာတ်ပုံ - ပြည့်ဖြိုးအောင်)
ရန်ကုန်တိုင်းဒေသကြီး ဒဿမပုံမှန်အစည်းအဝေး ကျင်းပနေမှုကိုတွေ့ရစဉ် (ဓာတ်ပုံ - ပြည့်ဖြိုးအောင်)
Published 1 October 2019
ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်

ကမာရွတ်မြို့နယ် စည်ပင်သာယာရုံးတည်ဆောက်ခြင်းနှင့် ဘတ်ဂျက်တောင်းခံရာတွင် စည်ပင်အနေဖြင့် လွှတ်တော်ကို မထင်မှတ်မြင်ပြုလုပ်နေကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကအောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒဿမပုံမှန်အစည်းအဝေး နဝမနေ့တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်ဦး ကျော်ဇေယျက ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကမာရွတ် EO ရုံးကြီးဟာ ကျွန်တော်တို့ ဒီဇိုင်းခွင့်ပြုခဲ့တာက သုံးဘီလျံပါ။ နှစ်ဘီလျံကို ခွင့်ပြုပြီးပြီ။ဒီနှစ်မှာတောင်းရာမှာက တစ်ဘီလျံပဲ တောင်းရတော့မှာ သို့သော်လည်း သုံးဘီလျံ ထပ်တောင်းတယ်။ ဒီဟာတင် မပြီးသေးပါဘူး။ အဲဒီအဆောက်အဦးဟာ ကိုးဘီလျံကျော်အထိ ကုန်မယ်လို့သိရ ပါတယ်။ပြည်သူ့ငွေစာရင်းကလည်း ကန့်ကွတ်ထားပါတယ်။ အဲဒီလို ဘာလို့ဖြစ်လဲဆို တော့ အားလုံးသိတဲ့အတိုင်းပဲ ဝန်ကြီးချုပ်ကြီးညွှန်ကြားချက်အရ ဒါမျိုးတင်ပြီးတောင်းလိုက်တယ်။ ငွေစာရင်းကော်မတီမှာတော့ ညင်သာစွာ လိမ္မာစွာ ရေးထားတာတွေ့ရပါတယ်။ ကျွန်တော်အမြင်တင်ပြရရင်တော့ ဒါဟာလွှတ်တော်ကို မထင်မှတ်မြင်ပြုလိုက်တာပါပဲ။ဒါလေးတွေ  ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒါမျိုးမလုပ်သင့်ပါဘူး။ သုံးဘီလျံ တောင်းတာကို တစ်ဘီလျံပဲခွင့်ပြုသင့် ကြောင်း တင်ပြအပ်ပါတယ်” ဟုဦးကျော်ဇေယျက ပြောကြားသည်။

ထို့ပြင် လွှတ်တော်က ကျပ် သုံးဘီလျံ ခွင့်ပြုခဲ့စဉ်တွင် ကမာရွတ်မြို့နယ်စည်ပင်သာယာရုံးကို အဆင့်မြင့်တင်ရန်သာ ဘတ်ဂျက်တင်ပြခဲ့ပြီး ရဲဘော်သုံးကျိပ် ပန်းခြံတွင် တည်ဆောက်ခြင်း မပါဝင်ခဲ့ဘဲ ပြည်သူလူထုကလည်းကန့်ကွက်ထားကြောင်း၊ ကမာရွတ် စည်ပင်သာယာရေး ရုံးဟောင်းမှာလည်း လက်ရှိ တည်ဆောက်နေသည့် အဆောက်အဦးနှင့် နေရာတခြားစီဖြစ်နေကြောင်း ဦးကျော်ဇေယျ ကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နယ်မြေများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငွေလိုအပ်နေပြီး ကမာရွတ်မြို့နယ်တွင် စည်ပင်သာယာရေးရုံးတည်ဆောက်ရန် ငွေပုံအော၍ ကျပ် ကိုးဘီလျံသုံး စွဲခြင်းကို အစိုးရအဖွဲ့အနေဖြင့် စဉ်းစားပေးစေလိုကြောင်း သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

“မြေပြင်မှာ ဆန္ဒပြနေတဲ့သူတို့ရဲ့သဘောထားကို ဆန့်ကျင်ပြီး သမိုင်းဝင်ရဲဘော်သုံးကျိပ်ပန်းခြံကြီးကို ရှစ်ထပ်တိုက်ပေါ်တင်ထားမှာကို လွှတ်တော်ကြီးက အားပေးရာ ရောက်နေပါမယ်” ဟု လွှတ်တော်ကိုယ်စား လှယ်ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

ထို့ပြင် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဋ္ဌေးက ဆွေးနွေးရာတွင် စည်ပင်သာယာရေးကော်မတီအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါခေါ်ခြင်းမရှိဘဲ ဌာနမှလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး  အရေအသွေးအတိုင်းအတာများအပေါ် စစ်ဆေးရာတွင်လည်း သီးခြားလွတ်လပ်သော အရေအသွေးစစ်ဆေးအဖွဲ့များ မစစ်ဆေးဘဲ ဌာနအတွင်းလုပ်ငန်းစဉ်များကသာ စစ်ဆေးနေကြောင်း ပြောကြားသည်။

“၂၀၁၉-၂၀၂ဝခုနှစ် ဘဏ္ဍာငွေလျာ ထားချက်ကြည့်မယ်ဆိုရင် စည်ပင်သာယာ လုပ်ငန်းများအတွက် သန်းပေါင်း ၃၁၀၀၀၀ ကျော်ဆောင်ရွက်ရန် လျာထားတဲ့အတွက်  ကျွန်မတို့ တတိုင်းလုံး၏ ခွင့်ပြုငွေသန်း ပေါင်း ၇၇၀၀၀၀ ကျော်ရဲ့ တစ်ဝက်နီးပါးငွေကြေး ဖြစ်နေတာကိုတွေ့ရှိပါတယ်။ ထိုသို့ ဘဏ္ဍာ ငွေအများကြီးချထားတဲ့အပေါ်မှာ သေချာမစိစစ်နိုင်ရင်တော့ ပင်မငွေယိုပေါက်ကြီးဖြစ်နေပြီး မပိတ်နိုင်မှာကို စိုးရိမ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဋ္ဌေးက  ပြောကြားသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ကော်မတီ၏အစီရင်ခံစာတွင်အဆိုပါ အဆောက်အဦးနှင့်ပတ်သက်၍ ကော်မတီ အနေဖြင့်ဘတ်ဂျက်ကို ဒီဇိုင်းနှင့်တကွ တွက်ချက်တင်ပြရန် လွှတ်တော်တွင်အဆိုတင်ပြီး လုပ်ထုံးလုပ်နည်း အဖြစ်ဆောင်ရွက်ထားပါလျက်ဒီဇိုင်း ပြောင်းလဲခြင်းကြောင့်ဟု ဆိုကာ မူလခွင့်ပြုဘတ်ဂျက် ထက်ပိုမိုသုံးစွဲခြင်းကို လက်ခံခွင့်ပြုရန် များစွာအခက်အခဲရှိခဲ့ကြောင်း၊ အခြားဌာနဆိုင်ရာ အသီးသီးအနေ ဖြင့် မိမိတို့၏ဒီဇိုင်းအရ ခွင့်ပြုသောဘဏ္ဍာ ငွေအကန့်အသတ်အတွင်းဆောင်ရွက်ကြရသည်ဖြစ်ရာ ယင်းသို့ပြောင်းလဲ ဆောင်ရွက်ထားခြင်းကို အလွယ်တကူခွင့်ပြုပါက ဌာနအချင်းချင်းကြား မမျှမတဆောင် ရွက်ရာရောက်မည်ဟု ကော်မတီကယူဆခဲ့ကြောင်း၊ ထို့ပြင်ယင်းစီမံကိန်းကို ကမာရွတ်မြို့နယ် ပြည်သူအချို့က ဆန္ဒပြထုတ်ဖော်ကန့်ကွက်လျက်ရှိခြင်းကလည်း ဘတ်ဂျက်တိုးမြှင့် သုံးစွဲခြင်းကိုခွင့်မပြုသင့်ကြောင်း ဆုံးဖြတ်ရန် အချက်တစ်ချက်ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။          

 

 

Most Read

Most Recent