တပ်မတော်အနေဖြင့် ၂၀၂၀ တွင် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ပေးရန် အသင့်ရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့အနေဖြင့် မည်သည့်အတွက် တိုက်ပွဲများဖန်တီး၍ ပြည်သူကို ဒုက္ခပေးနေသနည်းဟု တပ်မတော် မေးခွန်းထုတ်

တပ်မတော်အနေဖြင့် ၂၀၂၀ တွင် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ပေးရန် အသင့်ရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့အနေဖြင့် မည်သည့်အတွက် တိုက်ပွဲများဖန်တီး၍ ပြည်သူကို ဒုက္ခပေးနေသနည်းဟု တပ်မတော် မေးခွန်းထုတ်
Published 29 September 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

တပ်မတော်အနေဖြင့် ၂၀၂၀ တွင် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လိုသည့်ဆန္ဒ၊ ဆောင်ရွက်ပေးရန် အသင့်ရှိနေပြီး တပ်မတော်နှင့် ဆွေးနွေးရန် အတွက်လည်း ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပေးထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ အနေဖြင့် မည်သည့်အတွက် တိုက်ပွဲများဖန်တီး၍ ပြည်သူကို ဒုက္ခပေးနေသနည်းဟု  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မေးခွန်းထုတ်ခဲ့သည်။

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ စက်တင်ဘာ၂၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ၂၀၂၀ တွင် ငြိမ်းချမ်းရေးရအောင် လုပ်မည်ဆိုသည့် ရည်မှန်းချက်ပြည့်မီအောင် တပ်မတော်ဘက်က မူဝါဒအပြောင်းအလဲလုပ်ဖို့ ရှိသလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာ၌ ဗိုလ်ချုပ်ထွန်းထွန်းညီက ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“ရှေ့ဆက်ပြီးတော့လည်း ၂၀၂၀ မှာ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ပေးဖို့ ဆောင်ရွက်လိုတဲ့ဆန္ဒ၊ ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့မှာ အသင့်ရှိတယ်။ ဆောင်ရွက်လည်း ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ ခုနက ဆွေးနွေးဖို့လည်း တပ်မတော်နဲ့ ဆွေးနွေးဖို့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ဖွဲ့ပေးထားတယ်။ ပြီးရင် NRPC ရှိတယ်။ ဆင့်ကဲဆင့်ကဲ ဖွဲ့စည်းမှုတွေရှိတယ်။ ဘာဖြစ်လို့ တိုက်ပွဲတွေ ဖန်တီးပြီး၊ ဘာဖြစ်လို့ ပြည်သူလူထုကို ဒုက္ခပေးနေတာလဲ။ ရည်ရွယ်ချက်ကဘာလဲ။ သူတို့ ရည်ရွယ်ချက်ကဘာလဲ။ သူတို့ စိတ်ဆန္ဒ စေတနာက ဘာလဲ။ သူတို့အပေါ်မှာ မူတည်ပါတယ်။ တခြားအကြောင်းအရာတွေလည်း အများကြီး ဆက်စပ်နေတာတွေ ရှိပါတယ်။ အားလုံးဝိုင်းဝန်းပြီးတော့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ခုနကပြောတဲ့ Natonal Security နဲ့ပတ်သက်လာရင် အားလုံးမှာ ကျွန်တော်တို့ ခုနကပြောသလို ဒီလက်နက်တွေကိုင်တော့ ပဋိပက္ခတွေဖြစ်တယ်။ ပဋိပက္ခတွေ ဖြစ်တော့ ဘယ်သူဒုက္ခရောက်လဲ။ အဲဒီဒေသ ဒုက္ခရောက်တယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်တယ်။ ဘယ်သူဒုက္ခရောက်လဲ။ ပြည်သူလူထုပဲ ဒုက္ခရောက်တယ်။ နိုင်ငံပဲ ဒုက္ခရောက်တယ်။ အားလုံးဒုက္ခရောက်တယ်။ သူတို့ကောင်းတာတွေ လုပ်နေတာရှိရင် ကျွန်တော့်ကို ထောက်ပြ၊ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။ ဘယ်လို ဆက်လုပ်သင့်သလဲ။ ဘယ်လိုဆက်သွားသင့်သလဲ။ သူတို့ကို ဘာတွေ ခုနကပြောသလို နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဒီဟာတွေ ဖြစ်နေတဲ့အပေါ်မှာ ဒီတိုင်းရင်းသားတွေဘက်က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီးတော့ကျ ဟိုပြောဒီပြောတွေ ပြောနေတာရှိတယ်။ အခြေအနေမှန်ကို ပကတိ အခြေအနေမှန်နဲ့ ကျွန်တော်တို့ လက်ရှိအခြေအနေ တွေပေါ်မှာ မူတည်ပြီးတော့မှ စိတ်ရင်းစေတနာအမှန်နဲ့ ငြိမ်းချမ်းရေး ကြိုးစားမယ်ဆိုရင် အားလုံးအောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်သည် လက်ရှိအချိန်အထိ အပြောင်းအလဲမရှိကြောင်း ၎င်းကဆိုသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “ကျွန်တော်တို့က တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ အမြင်မှန်မှန် ဒီငြိမ်းချမ်းရေး အပေါ်မှာ ရိုးသားဖို့၊ အမြင်မှန်ဖို့၊ အမှန်တကယ်၊ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးကြတယ်ဆို ဘာဖြစ်လို့ တိုက်ပွဲလာပြီးတော့ ဖန်တီးလဲ။ ကျွန်တော်တို့ ဒီဆွေးနွေးပွဲမှာစပြီး ဖိတ်ခေါ်ကတည်းက လက်နက်ချပါလို့ မပြောဘူး။ လက်နက်တွေကို ဘေးချပြီး ကျွန်တော်တို့ စားပွဲမှာ ဆွေးနွေးကြမယ်။ ပြီးရင်ဟုတ်ပြီ၊ ဒါဆိုလို့ရှိရင် ဒီဆင့်ကဲဆင့်ကဲ ဒီဟာနဲ့ သဘောတူညီချက်တွေရပြီး ဆွေးနွေးပွဲတွေမှာ အောင်မြင်မှုရှိလာရင် NCA ကနေတစ်ဆင့် နိုင်ငံရေးမှာ ပါဝင်ချင်ရင် နိုင်ငံရေးလုပ်။ ပြည်သူလူထုက ခင်ဗျားတို့ကို ယုံကြည်ရင် ပြည်သူလူထုကနေပြီးတော့ ရွေးကောက်ပြီးတော့ကျ နိုင်ငံရေးလုပ်။ အုပ်ချုပ်ရေးအာဏာ လိုချင်တယ်ဆိုရင်” ဟု ပြောကြားသည်။

 

 

Most Read

Most Recent