တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဓိကဝင်ငွေရ လုပ်ငန်းဖြစ်သည့် မူးယစ်ဆေးဝါးလုပ်ငန်းများနှင့်ပတ်သက်၍ တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီ ပြောကြား

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဓိကဝင်ငွေရ လုပ်ငန်းဖြစ်သည့် မူးယစ်ဆေးဝါးလုပ်ငန်းများနှင့်ပတ်သက်၍ တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီ ပြောကြား
Published 29 September 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဓိကဝင်ငွေရလုပ်ငန်းနှင့် ၎င်းတို့ရပ်တည်ရန်အတွက် မူးယစ်ဆေးဝါး အပေါ်တွင် အဓိကမူတည်၍ ဆောင်ရွက်နေရခြင်းကို မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု တန်ဖိုးကိုကြည့်ပါက ထင်ထင်ရှားရှား တွေ့ရပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်ပြီးဆက်စပ်ပြီး သုံးသပ်ရလို့ရှိရင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ခုနကပြောတဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ လုပ်ရပ်တွေဖြစ်တယ်။ ဆွေးနွေးပွဲ ထိထိရောက်ရောက် ဆောင်ရွက်တဲ့နေရာမှာ ထိထိရောက်ရောက် ဆောင်ရွက်တာ မရှိဘူး။ ခုနကပြောတဲ့ သူတို့ရဲ့ ဝင်ငွေရလုပ်ငန်း၊ သူတို့ရဲ့ ဝင်ငွေရလုပ်ငန်းတွေနဲ့ သူတို့ရပ်တည်ဖို့အတွက် ဒီမူးယစ်ဆေးဝါး အပေါ်မှာ အဓိက မူတည်ပြီးတော့ ဆောင်ရွက်ရတယ်။ ဒီတနဖိုးတွေကို ကြည့်လို့ရှိရင် သူတို့အတွက် ဝင်ငွေရတဲ့လုပ်ငန်းဟာ အဓိကလုပ်ငန်း ဒီဟာဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ထင်ထင်ရှားရှား တွေ့ရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာဆက်လုပ်မလဲ မေးလို့ရှိရင် ကျွန်တော်တို့ တပ်မတော် ဆက်ပြီးစောင့်ကြည့်မယ်။ ကျွန်တော်တို့ သူတို့ရဲ့ ငြိမ်းချမ်းရေးအပေါ် လိုလားချက် ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့လိုလားတာလား။ သူတို့ မလိုလားတာလား။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ကျ ထိထိရောက်ရောက် ဆက်လက်ပြီး ဆောင်ရွက်သွားမယ် ဆိုတာကို ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်လက်ပြော ကြားသည်။

၂၀၁၉ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးမိမှုအနေဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာချုပ်နယ်မြေတွင် ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုသည် တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၃၁၀၀ ကျော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်များ ဖမ်းဆီးရမိမှုသည် တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၄၀၀ ကျော်ဖိုးရှိကြောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် တန်ဖိုးအားဖြင့် ကျပ် ၁၆ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွင် အိုက်စ်၊ အက်စစ်နှင့် WY ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၃ ဒသမ ၄၅ ဘီလျံခန့် ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်များလည်းရှိပြီး တန်ဖိုးအားဖြင့် ၂ ဒသမ ၅ ဘီလျံကျော် ဖြစ်ကြောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် ကျပ်သိန်းတစ်သောင်း ကိုးရာကျော်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် ကျပ်သိန်းတစ်ထောင့်တစ်ရာကျော် ရှိကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “ဒီတစ်လ အတွင်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ အားလုံးရဲ့ တန်ဖိုးဟာ ကျပ် ၂၃ ဘီလျံကျော် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေစပြီးတော့ စက်တင်ဘာလ ၁၅ ရက်နေ့အထိ  နယ်မြေအလိုက် ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းဟာဆိုရင် ကျပ်ဘီလျံ ၂၈၀ ကျော် ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒါကိုပြန်ပြီးတော့ သုံးသပ်ကြည့်လိုက်လို့ရှိရင် ဒီဖမ်းဆီးရမိတဲ့အချိန်မှာ ဖမ်းဆီးရမိတဲ့ တရားခံတွေလည်း ပါပါတယ်။ သုံးစွဲတဲ့လူတွေလည်း ပါပါတယ်။ ချက်လုပ်တဲ့ လူတွေလည်း ပါပါတယ်။ ရောင်းချတဲ့ သူတွေလည်းပါတယ်။ ဖြန့်ဖြူးတဲ့ လူတွေလည်းပါတယ်။ အဲဒီတော့ ဖမ်းဆီးရမိတဲ့ လူတွေရဲ့ ထွက်ဆိုချက်တွေအရ တစ်နည်းမဟုတ် တစ်နည်း EAO တွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေ ပတ်သက်ဆက်နွှယ်နေတာ တွေ့ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီတန်ဖိုးတွေ၊ ဒီပမာဏတွေက ဖမ်းဆီးရမိတာပဲ ရှိသေးတယ်။ မဖမ်းဆီးမိဘဲနဲ့ ကျွန်တော်တို့ လွတ်နေတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရန်သူအဖြစ် သတ်မှတ်ထားပြီး တစ်ကမ္ဘာလုံးကလည်း မူးယစ်ဆေးဝါးကို တစ်ကမ္ဘာလုံး၏ ရန်သူအဖြစ် သတ်မှတ်ထားကြောင်း  ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

 

 

Most Read

Most Recent