မန္တလေးမြို့ရှိ စည်ကားရာ နေရာများ၊ မြို့ဝင်မြို့ထွက် အထင်ကရ နေရာများတွင် မိုင်းရှင်းလင်း ရှာဖွေရေးများ ပြုလုပ်နေ

မန္တလေးမြို့ရှိ စည်ကားရာ နေရာများ၊ မြို့ဝင်မြို့ထွက် အထင်ကရ နေရာများတွင် မိုင်းရှင်းလင်း ရှာဖွေရေးများ ပြုလုပ်နေ
Published 26 September 2019
ယဉ်မျိုးသွယ်

မန္တလေးမြို့ရှိ စည်ကားရာ နေရာများ၊ မြို့ဝင်မြို့ထွက် အထင်ကရ နေရာများတွင် မိုင်းရှင်းလင်း ရှာဖွေရေးများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် လုံခြုံရေး အစီရင်ခံစာများအရ အကြမ်းဖက် တိုက်ခိုက်မှုများ ရှိလာနိုင်သဖြင့် လုံခြုံရေးအသိဖြင့် နေထိုင်ကြရန် အမေရိကန် (သံရုံး) က အသိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

"အဲဒါနဲ့ ပတ်သက်ပြီး လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေပါတယ်။ လူစည်ကားတဲ့ နေရာမှာ မိုင်းရှာတာ၊ လှည့်ကင်းအဖွဲ့တွေနဲ့ မသင်္ကာတဲ့ နေရာမှာ မိုင်းရှာတာမျိုးတွေ ဆောင်ရွက်နေပါပြီ။ ယခင်ပုံမှန် လုပ်နေကြ လုံခြုံရေးတွေအပြင် သီးခြားထပ်ပြီးတော့ ဖြည့်ဆည်း ဆောင်ရွက်နေပါတယ်"ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းလှထူးက ပြောကြားခဲ့သည်။

မန္တလေးမြို့ဝင် မြို့ထွက်များ၊ လူစည်ကားရာ နေရာများ၊ မဟာမုနိဘုရားကြီး၊ မနော်ရမ္မံ၊ Central Point ရှော့ပင်းမောလ်၊ မင်္ဂလာမန္တလေးရှိ အိုးရှင်းစင်တာ၊ ကျောက်စိမ်းဘုရား၊ မန်းမြို့စျေး၊ မဟာအောင်မြေ ကျောက်စိမ်းစျေး စသည့်နေရာတို့တွင် ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ ရှာဖွေစစ်ဆေးခြင်း၊ မိုင်းရှင်းလင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်၊ အောက်တိုဘာ ၁၆ ရက်၊ အောက်တိုဘာ ၂၆ ရက်များတွင် နေပြည်တော်၌ လည်းကောင်း၊ လာမည့် ကာလအပိုင်းအခြား တစ်ခုအတွင်း ရန်ကုန်၊ မန္တလေးမြို့ကြီးအချို့၌ လည်းကောင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း လုံခြုံရေး အစီရင်ခံစာများအရ သတင်းရရှိသဖြင့် လုံခြုံရေးသတိ လုံခြုံရေးအသိဖြင့် ဘေးကင်းစွာ နေထိုင်နိုင်ကြရန် သံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ ယခုကဲ့သို့ မန္တလေးမြို့တွင် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

Most Read

Most Recent