အပစ်ရပ်ကာလ အလွန်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တပ်မတော်၏ အပစ်ရပ် ကြေညာချက်ပါ အချက်များကို လိုက်နာရန် လိုအပ်ကြောင်း တပ်မတော်တိုက်တွန်း

အပစ်ရပ်ကာလ အလွန်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တပ်မတော်၏ အပစ်ရပ် ကြေညာချက်ပါ အချက်များကို လိုက်နာရန် လိုအပ်ကြောင်း တပ်မတော်တိုက်တွန်း
အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Published 26 September 2019
မင်းနိုင်စိုး

အပစ်ရပ်ကာလ အလွန်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ကြေညာချက်ပါ အချက်များကို လိုက်နာရန် လိုအပ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုက်တွန်းပြောကြားသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော တပ်မတော်၏ အပစ်ရပ် ကြေညာချက်သည် စက်တင်ဘာ ၂၁ ရက် တွင် ကုန်ဆုံးသွားခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အဆိုပါ ကြေညာချက်ပါ အချက်များကို လိုက်နာရန် လိုအပ်သည်ဟု  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီဇင်ဘာ ၂၁ ရက် တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဘာတွေမလုပ်ရဘူးဆိုတာ ပါပြီးသားပါ။ အဓိကကတော့ ကျွန်တော်တို့က အပိုင်းသုံးပိုင်းပါပဲ။ နံပါတ်တစ်ကတော့ ကျွန်တော်တို့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကြောင်းပြပြီးတော့ နယ်မြေတိုးချဲ့တာတွေ၊ အင်အားတိုးချဲ့တာတွေ မလုပ်ဖို့။ နံပါတ်နှစ်ကတော့ ကျွန်တော်တို့ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ ဒေသတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း မတိုက်ခိုက်ဖို့။ EAO အချင်းချင်း နယ်မြေနဲ့ပတ်သက်ပြီးတော့ သူတို့ အငြင်းပွားနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ သုံးလေးလကဆိုရင် RCSS/SSA နဲ့ SSPP/SSA နဲ့ ရှမ်းပြည်နယ်ဘက်မှာပဲ တိုက်ပွဲတွေ ဖြစ်ခဲ့တာရှိတယ်။ နံပါတ်သုံး အချက်ကတော့ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား အဆင့်ဆင့်ကို မထိခိုက်စေဖို့ပါပဲ။ လမ်းပန်းဆက်သွယ်ရေး လုံခြုံချော့မွေ့စေမှုကို မထိခိုက်စေဖို့။ ဒါတွေကတော့ အခြေခံ လိုက်နာရမယ့် အချက်တွေ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ အချက်များကို လိုက်နာခြင်း မရှိပါက တပ်မတော်အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်၏ အပစ်ရပ်သက်တမ်း ကုန်ဆုံးသွားသော်လည်း အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ပေးရန် မျှော်လင့်နေဆဲ ဖြစ်ကြောင်း အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အကြား ကြားဝင်စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးနေသည့် မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက စက်တင်ဘာ ၂၃ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။

တပ်မတော်၏ အပစ်ရပ်ကြေညာချက် အပါအဝင် ဆောင်ရွက်မှုများအားလုံးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ဦးတည်း၏ ဆုံးဖြတ်ချက် တစ်ခုတည်းဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ အစုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“တပ်မတော်မှာက ကျွန်တော်တို့ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ဆိုတာ မရှိပါဘူး။ အားလုံးက ကျွန်တော်တို့က တပ်မတော်ရဲ့ အုပ်ချုပ်ကွပ်ကဲမှုစနစ်က အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုစနစ်နဲ့ သွားတာရှိတယ်။ ရည်မှန်းချက်ပေးပြီးတော့ ဆောင်ရွက်တဲ့ စနစ်နဲ့ သွားတာရှိတယ်။ အဲဒီစနစ်တိုင်း စနစ်တိုင်းမှာ အားလုံးက ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ရတာ ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်တာ ဖြစ်တဲ့အတွက်ကြောင့် အားလုံးညှိနှိုင်း တိုင်ပင်ပြီးမှပဲ ကျွန်တော်တို့က ဆောင်ရွက်လေ့ ဆောင်ရွက်ထရှိပါတယ်။ အများအားဖြင့်တော့ ဆုံးဖြတ်ချက် တော်တော်များများသည် အစုအဖွဲ့လိုက် ဆုံးဖြတ်တာပဲ ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်၏ အပစ်ရပ်သက်တမ်း ကုန်ဆုံးပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်း အတွင်း၌ အပစ်ရပ်နယ်မြေတွင် ပါဝင်ခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်တွင် တပ်မတော်နှင့် NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့အကြားတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက် ပိုင်း) ၊ ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ အကြားတွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။