မန်ယူအသင်း၏ စပိန်လက်ရွေးစင်ဂိုး သမား ဒီဟေးယားသည် စပိန်နိုင်ငံရှိ မုန်တိုင်းဒဏ်ခံစားနေရသူများအတွက် ယူရိုနှစ်သိန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ''Gota Faria'' ဟု အမည်ရသည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် မြစ်ရေကြီးမှုဖြစ်ပွားခဲ့ပြီး အလီစင်တီနှင့် မာစီယာပြည်နယ်များတွင် ရေလွှမ်းမိုးမှုဒဏ် ဆိုးရွားစွာခံစားခဲ့ရသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် အသက် ၆၆ နှစ်အရွယ် ဒတ်ချ်အမျိုးသားတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပြီး ဒေသခံထောင်ပေါင်းများစွာကိုလည်း စပိန်တပ်မတော်က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

သို့ဖြစ်ရာ ဒီဟေးယားက ယင်းဒေသရှိ မုန်တိုင်းဒဏ်ခံစားခဲ့ရသူများအတွက် စပိန်ကြက်ခြေနီအဖွဲ့ (Cruz Roja Espanola) မှတစ်ဆင့် ယူရိုနှစ်သိန်း ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။
၎င်း၏ လှူဒါန်းမှုနှင့်ပတ်သက်၍ Cruz Roja Espanola အနေဖြင့် ကျေးဇူးတင်ရှိကြောင်း စက်တင်ဘာ ၁၉ ရက်က Twitter တွင် ရေးသားထားသည်။
''အလီစင်တီနှင့် မာစီယာပြည် နယ်ရှိ ရေလွှမ်းမိုးမှုဒဏ်ခံစားနေရသူများ အတွက် ယူရိုနှစ်သိန်း ထောက်ပံ့လှူဒါန်းမှု ရရှိပါသည်။ ဒေးဗစ်ဒီဟေးယား သင်၏ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါသည်''ဟု ရေးသားထားသည်။

ဒီဟေးယားသည် ယခင်ကလည်း လှူဒါန်းမှုများစွာပြုလုပ်ဖူးပြီး ပေးကမ်းစွန့်ကြဲမှုအများဆုံးပြုလုပ်သည့် ဘောလုံးသမားများစာရင်းတွင် စီရော်နယ်လ်ဒို၊ မက်ဆီတို့နှင့် အတူပါဝင်ကြောင်း AS သတင်းစာက ပြီးခဲ့သည့်နှစ်တွင် ဖော်ပြသည်။
၎င်းသည် မိုဇမ်ဘစ်နိုင်ငံရှိ မိဘမဲ့ကလေးများရန်ပုံငွေအတွက်လည်း ယူရို ၃၅,၀၀၀ လှူဒါန်းခဲ့ဖူးကြောင်း သိရသည်။
ဒီဟေးယားသည် မန်ယူအသင်း၌ ၂၀၂၃ ခုနှစ်အထိဆက်ရှိနေမည့် လေးနှစ်သက်တမ်းတိုးစာချုပ်ကို စက်တင်ဘာ ၁၆ ရက်က ချုပ်ဆိုခဲ့ပြီး တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်အချက်လည်းပါဝင်ကြောင်း သိရသည်။
၎င်းသည် စာချုပ်သစ်အရ တစ်ပတ်လစာ ပေါင် ၃၇၅,၀၀၀ အထိရရှိမည်ဖြစ်ပြီး မန်ယူအသင်း၏ လစာအများဆုံးကစားသမားဖြစ်လာကြောင်း သိရသည်။















