သင်္ဃန်းကျွန်းမြို့နယ်တွင် သံတုတ်၊ ကပ်ကြေးကိုင်ကာ ရမ်းကားနေသဖြင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးထားကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
စက်တင်ဘာ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတစ်ဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း သိရသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်ဥက္ကဋ္ဌတို့မှ ထိန်းသိမ်းရန် သွားရောက်ခဲ့ရာ ရမ်းကားသောင်းကျန်းနေသူမှာ ရုပ်ရှင်သရုပ်ဆောင် လင်းလက်ဟိန်းဖြစ်ပြီး ၄င်း၏ ညာဘက်လက်တွင် အရှည်သုံးပေခန့်ရှိ ဟင်ဂဟန်သံပြား တစ်ချောင်းအား လည်းကောင်း၊ ဘယ်ဘက်လက်တွင် ရှစ်လက်မခန့်ရှိ လက်ကိုင်ကွင်းပါ ကတ်ကြေးအား လည်းကောင်း ကိုင်ဆောင်ကာ ရမ်းကားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
တာဝန်ရှိသူများက လက်နက်များအား အောက်ချ၍ အသာတကြည် အဖမ်းခံရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း လက်မခံဘဲ လက်ထဲတွင် အသင့်ကိုင်ဆောင်ထားသည့် သံတုတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူး၏လက်တွင် နှစ်လက်မခန့် ပွန်းရှဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လာရောက် ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်ထဲရှိ ကတ်ကြေးဖြင့် ပြေးထိုးစဉ် ရဲတပ်ဖွဲ့ဝင်က အသင့်ကိုင်ဆောင်ထားသည့် ၁၂ ဗို့ ပန့်အက်ရှင်သေနတ်ဖြင့် ၄င်း၏အောက်ပိုင်းကို တစ်ချက်ပစ်ခတ်ကာ လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
“ ရပ်ကွက်ကလူတွေက ၁၉၉ ကို ဖုန်းဆက် အကြောင်းကြားတယ်။ ၁၉၉က သတင်းရတော့ သက်ဆိုင် တဲ့ မြို့နယ်ရဲစခန်းကို အကြောင်းကြားတယ်။ မြို့နယ်ရဲစခန်းက သွားပြီး ထိန်းသိမ်းတဲ့ ရဲတွေက လက်နက်ချ အဖမ်းခံဖို့ ပြောတာလက်မခံဘဲ ခုခံလို့ သေနတ်နဲ့ ပစ်ဖမ်းလိုက်တာလို့ သိရတယ်။ လက်ရှိမှာတော့ မြို့နယ်ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူဖို့ ဆက်လုပ်နေတယ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရမှုကြောင့် သရုပ်ဆောင် လင်းလက်ဟိန်း (ခ) သန်းထိုက်ဦး (၃၆ နှစ်) ၏ ညာဘက်ပေါင်ရင်းတွင် ပေါက်ပြဲဒဏ်ရာ သုံးချက်ရရှိခဲ့ပြီး ၄င်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။















