ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စစ်ဘက်လေယာဉ်နှင့် ရဟတ်ယာဉ်များ လေ့ကျင့်ပျံသန်းရာတွင် အသုံးပြုခြင်းကိုလျှော့ချရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်းသိရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စစ်ဘက်လေယာဉ်နှင့် ရဟတ်ယာဉ်များ လေ့ကျင့်ပျံသန်းရာတွင် အသုံးပြုခြင်းကိုလျှော့ချရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်းသိရ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားသော လေယာဉ်များကို တွေ့ရစဉ် (Photo : YACL)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားသော လေယာဉ်များကို တွေ့ရစဉ် (Photo : YACL)
Published 18 September 2019
ရွှန်းလဲ့ဝင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စစ်ဘက်လေယာဉ်နှင့် ရဟတ်ယာဉ်များ လေ့ကျင့်ပျံသန်းမှုပြုလုပ်ရာတွင် အသုံးပြုခြင်းအားလျှော့ချရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။

“တပ်မတော်(လေ)က လေယာဉ်တွေ ရဟတ်ယာဉ်တွေ လေ့ကျင့်ပျံသန်းမှု ပြုလုပ်တဲ့အခါ ရန်ကုန်လေဆိပ်ကို အသုံးပြုတာကို အတတ်နိုင်ဆုံး လျှော့ချဖို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းထားပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က The Daily Eleven သို့ ပြောကြားသည်။

စက်တင်ဘာ ၅ ရက်က Y8 အမျိုးအစား တပ်မတော်လေယာဉ် လေ့ကျင့်ပျံသန်းရန် ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်းမှ ထွက်ခွာစဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆင်းသက်ခြင်းများ နာရီပေါင်းများစွာ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီ ၃၆ မိနစ်ခန့်က တပ်မတော်ပိုင်လေယာဉ်တစ်စင်းဖြစ်သည့် Y8 အမျိုးအစား လေယာဉ်မှာ ရန်ကုန်လေဆိပ်အတက်တွင် လေယာဉ်၏ အင်ဂျင်တစ်လုံးအားနည်းမှုကြောင့် လေယာဉ်မှာပြေးလမ်းမှ လမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ပြည်တွင်း ပြည်ပခရီးသည်များ သီးသန့်အသုံးပြုနေသည့် အရပ်ဘက်လေဆိပ်တစ်ခုမဟုတ်ဘဲ မြန်မာ့တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ လေ့ကျင့်ပျံသန်းမှုများတွင် တွဲဘက်အသုံးပြုနေရသည့် လေဆိပ်တစ်ခုဖြစ်ခြင်းကြောင့် အရပ်ဘက်လေယာဉ်များ အတက်အဆင်းပြုလုပ်ရာတွင် စစ်ဘက်လေယာဉ်များကို ဦးစားပေးရသည့် အခြေနေတစ်ခုရှိနေကြောင်း သိရသည်။

သို့ဖြစ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ယခုကဲ့သို့ အရပ်ဘက်နှင့် စစ်ဘက်ခွဲဝေသုံးစွဲနေရသည့် အနေအထားတွင် တပ်မတော်မှ လေ့ကျင့်ပျံသန်းမည့် လေယာဉ်များ၊ ရဟတ်ယာဉ်များအား ရန်ကုန်လေဆိပ်မှ ဆင်းသက်ထွက်ခွာမှုအား လျှော့ချရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘက်သုံးလေယာဉ်အချို့သည် လေယာဉ်ဆီတင်ဆောင်နိုင်မှု နည်းပါးပြီး ဝေဟင်တွင် ပျံသန်းချိန်နာရီများများ မပြုလုပ်နိုင်ခြင်းကြောင့် လေယာဉ် အတက်အဆင်းပြုလုပ်ရသည့် အကြိမ်ရေ များပြားမှုရှိကြောင်း သိရသည်။

“အခုလက်ရှိမှာ ရန်ကုန်လေဆိပ်မှာ မနက်ပြည်တွင်းလေကြောင်းလိုင်းတွေ ထွက်ခွာချိန်ဆိုရင် လေကြောင်း Trafficက  အရမ်းများနေတယ်။ မင်္ဂလာဒုံကွင်းက တအားကျပ်နေပြီ။ ပြေးလမ်းကလည်းတစ်ခု ပဲရှိတယ်။ Taxi Way ကလည်း တစ်ခုပဲရှိတယ်။ လေယာဉ်ထွက်ခွာချိန်ကို အချိန်မှန်ထွက်လို့မရဘူး။  တပ်မတော်(လေ)က လေယာဉ်တွေနဲ့ လေယာဉ်ကွင်းကို အတူတူသုံးနေရတယ်။ လေယာဉ်တွေက ခရီးစဉ်သွားရင် ဆီက သိပ်မကုန်ဘူး။  Regional Jet ဆိုရင် အရှိန်လျှော့ပြီး လေထဲဝဲနေရင်တောင် တစ်မိနစ်ကို လေယာဉ်ဆီဂါလန် ၃ဝလောက် ကုန်တယ်။  ပြောရရင် မလိုအပ်ဘဲ လေယာဉ်ဆီတွေ ဖြုန်းနေရတာပေါ့။ လေယာဉ်ပြေးလမ်းလည်း နှစ်ခု၊ သုံးခုရှိမယ်။ Taxi way လည်း အဆင်ပြေနိုင်မယ့် ဟံသာဝတီလို အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်က တကယ်ကို လိုအပ်နေပါပြီ” ဟု ပြည်တွင်းလေကြောင်းလိုင်းတစ်ခု၏ အတွေ့အကြုံရှိ လေယာဉ်မှူးကြီးတစ်ဦးက သူ၏အမြင်ကို ပြောပြခဲ့သည်။

အဆိုပါတပ်မတော်လေယာဉ် ပြေးလမ်းချော်မှုကြောင့် ရန်ကုန်လေဆိပ်အား အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရခြင်းအား စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။