ကာဂျစ္စတန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း စက်တင်ဘာနောက်ဆုံးပတ် စတင်လေ့ကျင့်မည်

ကာဂျစ္စတန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း စက်တင်ဘာနောက်ဆုံးပတ် စတင်လေ့ကျင့်မည်
Photos : MFF
Photos : MFF
Published 17 September 2019

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ် (၃)အဖြစ် ယှဉ်ပြိုင်ရမည့် ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်းပွဲအတွက် စက်တင်ဘာနောက်ဆုံးပတ်တွင် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲအပြီးတွင် ပြည်တွင်းပွဲများကြောင့် လေ့ကျင့်မှုရပ်နားထားပြီး ပြိုင်ပွဲများပြီးဆုံးမှ ပြန်လည်လေ့ ကျင့်မည်ဖြစ်သည်။

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲမှာ စက်တင်ဘာ ၁၅ ရက်က ကျင်းပပြီးစီးခဲ့သော်လည်း ရှမ်းယူနိုက်တက် နှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကိုမူ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ရာ မြန်မာ့လက်ရွေး စင်အသင်းအနေဖြင့် ယင်းပွဲပြီးဆုံးမှသာ စတင်လေ့ကျင့်မည်ဖြစ်သည်။

''ရှုံးထွက်ဗိုလ် လုပွဲအပြီးမှာ စတင်လေ့ကျင့်ဖို့ စီစဉ်ထားပါ တယ်။ စတင်လေ့ကျင့်မယ့်ရက်ကိုတော့ နည်းပြချုပ်နဲ့ ပြန်လည်ညှိနှိုင်းပြီးမှ အတည်ပြုလို့ရမှာပါ။ ကာဂျစ္စတန်နဲ့ပွဲမတိုင်မီ လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ''ဟု မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်သည် စက်တင်ဘာလဆန်းပိုင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် လူစာရင်းကိုပင် အမာခံထားကာ ကစားသမားသစ်အချို့သာ အားဖြည့်ရွေးချယ်ဖွယ်ရှိနေသည်။

မွန်ဂိုလီးယား၊ ဂျပန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရန်ရွေးချယ်ခဲ့သည့် ကစားသမား ၂၄ ဦးတွင် ပြည့်လျှံအောင် (ဂိုး)၊ ပြည့်ဖြိုးဇော်၊ ဒေးဗစ်ဒန်း၊ ကျော်ဇင်လွင်နှင့် ဝင်းနိုင်စိုးတို့ငါးဦးသာ ကစားခွင့်မရဘဲ ကျန် ၁၉ ဦး ကစားခွင့်ရခဲ့သည်။

နည်းပြချုပ် ရာဒူလိုဗစ်သည် ပြည်တွင်းလက်ကျန်ပွဲများကို လိုက်လံကြည့်ရှုကာ ကစားသမားများ ရွေးချယ်မည်ဖြစ်ပြီး ကစားသမား ၂၅ ဦးဝန်းကျင်ဖြင့် ဖွဲ့စည်းဖွယ်ရှိနေသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ္စတန်နှင့်ပွဲအတွက် ပြင် ဆင်ချိန် နှစ်ပတ်ကျော်ရရှိမည်ဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent