အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီအား ဦးဆောင်မည့် တာဝန်ရှိသူကို ရွေးချယ်မှုနှင့် သံသယရှိသူများ၏ ဖုန်းပြောဆိုမှုများကို ဝရမ်းမပါဘဲ ကြားဖြတ်နား ထောင်ခွင့်ရှိမှုအား ကန့်သတ်ရန် အဆိုပြုထားမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုထွက်ပေါ်နေစဉ် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အ ကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွင် အလျှော့ပေးညှိနှိုင်းမှု ပြုလုပ်သွားမည်မဟုတ်ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ပြည်သူများအား ပြောကြားခဲ့သည်။
၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း ရာပေါင်းများစွာသော နိုင်ငံရေးသမားများနှင့် တာဝန်ရှိသူများအား အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့သော အင်ဒိုနီးရှားတွင် အတိုကောက်အမည် KPK ဟု လူသိ များသည့် အကျင့်ပျက်ခြစားမှု နှိမ်နင်းရေး ကော်မရှင်သည် နိုင်ငံထဲတွင် လေးစားမှုအခံ ရဆုံး အေဂျင်စီများအနက် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ KPK အား အားနည်းသွားစေရန် နိုင်ငံရေးသမားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြိမ်ကြိမ် ကြိုးပမ်းမှုများ ရှိခဲ့ပြီး ပြီးခဲ့သော သီတင်းပတ်တွင်လည်း ပါလီမန်တွင် ထိုကော်မရှင်အား ထူထောင်ခဲ့သည့် ၂၀၀၂ ခုနှစ် ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ရေး အချေအတင်ဆွေးနွေးရန် ဆုံးဖြတ် ချက်တစ်ခုကို အတည်ပြုခဲ့သည်။
KPK အား ပြင်ပဘုတ်အဖွဲ့တစ်ခု၏ ကြီးကြပ်မှုအောက်တွင် ထားရှိသွားမည်ဖြစ် ပြီး ထိုဘုတ်အဖွဲ့က KPK ၏ ဖုန်းကြားဖြတ် နားထောင်မှု အခွင့်အရေးအား ကျင့်သုံးခွင့် ရှိ၊ မရှိကို ဆုံးဖြတ်ရန် အခွင့်အရေးရှိမှုအပါ အဝင် အပြောင်းအလဲအချို့ ပြုလုပ်ရန် အဆိုပြုမှုများ ထွက်ပေါ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်အား ဗီတိုအာဏာ မသုံးရန် ရွေးချယ်ခဲ့သော ဝီဒိုဒိုက ယင်းအ ဆိုပြုအပြောင်းအလဲအချို့နှင့်ပတ်သက်၍ စက်တင်ဘာ ၁၃ ရက်တွင် ကာကွယ်ပြော ကြားခဲ့သည်။ ပြင်ပဘုတ်အဖွဲ့အတွက် အဖွဲ့ ဝင်များအဖြစ် နိုင်ငံရေးသမားများ သို့မဟုတ် ဗျူရိုကရက်တစ်များ မဟုတ်ဘဲ သုတေသနပညာရှင်များနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားသူများအပါအဝင် သက် ဆိုင်သူများအား ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုအတွက် ထိုပြင်ပဘုတ်အဖွဲ့က လိုအပ်ကြောင်း ဝီဒိုဒိုက ပြောကြားခဲ့သည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွင် အလျှော့ပေးသွားမည် မဟုတ်ကြောင်း၊ KPK ကို အဓိကအခန်းကဏ္ဍတွင် ထားရှိလိုကြောင်း ဝီဒိုဒိုက ပြောကြားခဲ့ပြီး ဖုန်းကြား ဖြတ်နားထောင်မှုအား ခွင့်ပြုရန် အထူးဘုတ် အဖွဲ့က ဆုံးဖြတ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
KPK အဖွဲ့အား ပြုပြင်ပြောင်းလဲရန် အစီအစဉ်များကြောင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူများအတွက် သတိပေးမှု ဖြစ်စေခဲ့ပြီး ထောက်ခံသူ ၁၀၀ ကျော်က စက်တင်ဘာ ၁၂ ရက်တွင် KPK ကို ထောက်ခံစုဝေးမှု ပြုလုပ်ခဲ့သည်။
KPK ၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ အမှုအများအပြားသည် အင်ဒိုနီးရှားပါလီမန်အဖွဲ့ဝင်များအား ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းသည် အကျင့်ပျက်ခြစားမှုအတွက် ပြစ်ဒဏ်စီ ရင်ခံခဲ့ရသူများထဲတွင် ပါဝင်ခဲ့သည်။ KPK ၏ဘုတ် အဖွဲ့ဝင်သစ် ခန့်အပ်မှုနှင့်ပတ်သက်၍ လေ့လာသူများက စိုးရိမ်နေကြပြီး ရာထူးမှ ထွက်ခွာတော့မည့် ကော်မရှင်အကြီးအကဲ Agus Rahardjo ၏ နေရာတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုရှိသည်ဟု စွပ်စွဲခံထားရသည့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအ ကြီးအကဲ ဖာလီဘာဟူရီဖြင့် အစားထိုးခန့်အပ်သွားမည် ဖြစ်သည်။














