JMC-S ကရင်နှင့် တနင်္သာရီတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရန် ဆက်လက် ဆွေးနွေးမည် ဖြစ်သော်လည်း အစိုးရ ခွင့်မပြုပါက တောင်းဆိုတော့မည် မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြောကြား

JMC-S ကရင်နှင့် တနင်္သာရီတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရန် ဆက်လက် ဆွေးနွေးမည် ဖြစ်သော်လည်း အစိုးရ ခွင့်မပြုပါက တောင်းဆိုတော့မည် မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြောကြား
Published 12 September 2019
မင်းနိုင်စိုး

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကရင် နှင့် တနင်္သာရီတွင် မွန်ပြည်သစ်ပါတီ (NMSP) ၏ ပါဝင်ဆောင်ရွက်ခွင့်နှင့် ရုံးခန်း ဖွင့်လှစ်ခွင့်ရရှိရန် ဆက်လက် ဆွေးနွေးမည်ဖြစ်သော်လည်း အစိုးရ ခွင့်မပြုပါက တောင်းဆိုတော့မည် မဟုတ်ကြောင်း NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ အစိုးရနှင့် NRPC လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ တွေ့ဆုံပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်အောင်မငေးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ ကျွန်တော်တို့ JMC-S ပေါ့နော်။ JMC-S  မွန် ၊ ကရင် ၊ တနင်္သာရီမှာ ပါဝင်ခွင့် ရုံးဖွင့်ခွင့် ရဖို့အတွက် ကြိုးစားတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့  JMC-S မွန်ထဲမှာပဲ ခွင့်ပြုတယ်။ ကျွန်တော်တို့ တပ်တွေ ပကတိရှိနေတဲ့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ပါဝင်ခွင့်မပြုဘူး။ ဒါကိုလည်း ကျွန်တော်တို့ ဆက်လက် တောင်းခံသွားမယ်။ ဒါပေမဲ့ JMC-S မွန်ပဲ ရမယ်ဆိုရင် ကျန်တဲ့ တနင်္သာရီနဲ့ ကရင်ပြည်နယ်ကို ကျွန်တော်တို့ မတောင်းတော့ဘူး။ ဒါကိုလည်း ကျွန်တော်တို့ ရှေ့ဆက်မယ့် ဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့ ထည့်ထားတယ်”ဟု နိုင်အောင်မငေးက ပြောကြားသည်။

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မွန်ပြည်သစ်ပါတီအနေဖြင့် JMC လုပ်ငန်းများ ပါဝင် ဆောင်ရွက်ခွင့်ရရန် နှင့် JMC ရုံးဖွင့်လှစ်ခွင့် ရရှိရန် တောင်းဆိုခြင်းသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ် ပိုမိုထိရောက်ရေးအတွက် ကဏ္ဍတစ်ခုအနေဖြင့် တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

JMC-S ရှမ်းအတွင်း ဆွေးနွေးမှုများသည် တရားမျှတမှု မရှိဟုဆိုကာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် JMC အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းထားပြီး ထိုသို့ JMC ဆိုင်ရာ ကိစ္စရပ်များအား အစိုးရ၊ တပ်မတော်တို့နှင့် NRPC-SEAO များအကြား တစ်ဖွဲ့ချင်း ပြန်လည် ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း နိုင်အောင်မငေးက ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၌  ပါဝင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

 

Most Read

Most Recent