ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်း (သစ်) တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ စျေးရှိပြီး ယခုနှစ် ရှစ်လအတွင်း တစ်အိတ်လျှင် ကျပ် ၁၂၀၀၀ မြင့်တက်ကာ ခြောက်နှစ်အတွင်း စံချိန်တင်မြင့်တက်လျက်ရှိ

ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်း (သစ်) တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ စျေးရှိပြီး ယခုနှစ် ရှစ်လအတွင်း တစ်အိတ်လျှင် ကျပ် ၁၂၀၀၀ မြင့်တက်ကာ ခြောက်နှစ်အတွင်း စံချိန်တင်မြင့်တက်လျက်ရှိ
  ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်းတွင် ဆန်အတင်အချပြုလုပ်နေမှုကို ဧပြီလဆန်းပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်းတွင် ဆန်အတင်အချပြုလုပ်နေမှုကို ဧပြီလဆန်းပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 12 September 2019
နီလာ

ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်း (သစ်) တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ စျေးဖြင့် ယခုနှစ် ရှစ်လအတွင်း တစ်အိတ်လျှင် ကျပ် ၁၂၀၀၀ မြင့်တက်ခဲ့ကာ ခြောက်နှစ်အတွင်း စံချိန်တင်မြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေဘိုပေါ်ဆန်းစျေးနှုန်းများကို လေ့လာကြည့်ပါက ဇန်နဝါရီလအတွင်း တစ်အိတ်လျှင် ကျပ် ၄၈၀၀၀၊ ဖေဖော်ဝါရီနှင့် မတ်လအတွင်း တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ရှိခဲ့ပြီး ဧပြီလအတွင်း တစ်အိတ်လျှင် ကျပ် ၅၂၀၀၀ အထိ မြင့်တက်ခဲ့ကာ မေတွင် ကျပ် ၅၅၀၀၀ အထိ ထပ်မံမြင့်တက်ခဲ့သည်။ ယင်းနောက် ဇွန်နှင့် ဇူလိုင်လအတွင်း ရွှေဘိုပေါ်ဆန်း (သစ်)တစ် အိတ်လျှင် ကျပ် ၅၅၀၀၀ စျေးတွင်သာ ဆက်လက်ရှိနေခဲ့ရာမှာ သြဂုတ်လအတွင်း ကျပ် ၆၀၀၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ကျပ် ၄၃၅၀၀ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် သြဂုတ်၌ ကျပ် ၆၀၀၀၀ စျေးရှိနေပြီး ခြောက်နှစ်အတွင်း တစ်အိတ်လျှင် ကျပ် ၁၆၅၀၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

နှစ်အလိုက်စျေးနှုန်းများအရ ၂၀၁၄ ခုနှစ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၃၅၀၀၊ ၂၀၁၅ ခုနှစ်တွင် ကျပ် ၄၇၀၀၀၊ ၂၀၁၆ ခုနှစ်တွင် ကျပ် ၄၃၀၀၀၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၄၆၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၅၅၀၀၀ နှင့် ၂၀၁၉ ခုနှစ် (သြဂုတ်)တွင် ကျပ် ၆၀၀၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန် အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများမှာ ၂၀၁၄ ခုနှစ်က ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၃၅၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၃၅၀၀ စျေးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ စျေးရှိလာသည်။ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ၁၅၅၀၀ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၇၇၀၀ အထိ စျေးရှိလာသည်။

၂၀၁၅ ခုနှစ်အတွင်းတွင် ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊  ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ရှိခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်းက ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၄၃၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၅၀၀ ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ၁၈၀ ပေါင်ရှိ ရွှေဘို ပေါ်ဆန်းတစ်အိတ်လျှင် ၄၆၀၀၀ ကျပ်၊ ဧရာ ဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၉၇၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ အထိ စျေးရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

 

 

Most Read

Most Recent