စာရေးဆရာမ လွန်းထားထား၏ ရူးအောင်ချစ်မယ့်လူဝတ္ထုအား ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်အသက်သွင်းပုံဖော်ရာတွင် တူမဖြစ်သူ မေတိုးခိုင်၏ ပွဲဦး ထွက်ရုပ်ရှင်ဇာတ်ကား၌ တွဲဖက်ပါဝင်ပေးထားသူမှာ အကယ်ဒမီအိန္ဒြာကျော်ဇင် ဖြစ်သည်။ အနုပညာခရီးလမ်းသို့ ပထမဆုံးဝင်ရောက်လာသည့် ဇာတ်ကားဖြင့်ပင် အမူအရာပီပြင်သူအဖြစ် ပရိသတ်အသိအမှတ်ပြုခံထားရသည့် အကယ်ဒမီ အိန္ဒြာကျော်ဇင်က တူမဖြစ်သူ မေတိုးခိုင်(ဖူးဖူး)၏ အနုပညာဝါသနာဗီဇကို အကောင်အထည်ဖော်ထားသည့်အပေါ် ပံ့ပိုးအားဖြည့်ထားမှုများ၊ တူမဖြစ်သူ၏အနုပညာစွမ်းရည်အပေါ်အမြင်နှင့် ကိုယ်တိုင်ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာနှင့်ပတ်သက်သည့် ပြင်ဆင်ထားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- ရူးအောင်ချစ်မယ့်လူ ဇာတ်ကားနဲ့ပတ်သက်လို့ ပြောပြပေးပါဦး။
ဖြေ- ဒီဇာတ်ကားက ဒရာမာ ဇာတ်လမ်းတစ်ပုဒ်ပဲပေါ့။ ပရိသတ်သိထားပြီး သားဆရာမ လွန်းထားထားရဲ့ဝတ္ထုက ကောင်းထားပြီးသား ဇာတ်တစ်ပုဒ် ဖြစ်တယ်။ ဒီဇာတ်ကားကို သရုပ်ဆောင်တဲ့အခါမှာလည်း တာဝန်ကြီးတယ်။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ပါတယ်။
မေး- ဒီဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ကာရိုက်တာကရော မအူဝဲအတွက် ဘယ်လောက် တာဝန်ကြီးခဲ့တယ်လို့ ပြောလို့ရမလဲ။
ဖြေ- ရိုက်ရတဲ့ ဇာတ်ကားအမျိုးအစားက ဘယ်လိုပဲပြောပြော ထပ်နေတယ်။ ယောကျ်ားဖောက်ပြန်တာကို မိန်းမက ခံစားရတဲ့ဇာတ်လမ်းမျိုးက ရှေ့မှာလည်း ရင်ဘတ်ထဲကဓားလိုမျိုး ရှိထားပြီးသားပေါ့။ ဇာတ်လမ်း အမျိုးအစား ကာရိုက်တာတွေကတူတဲ့အခါမှာ ပရိသတ်ကြည့်ရတာမတူအောင် အရမ်းသတိထားတယ်။ ပေါ့ပေါ့ပါးပါး လုပ်တယ်ဆိုရင်တောင် သတိထားတယ်ဆိုတော့ ဟဲဗီးလုပ်ရတဲ့ Scene ဆိုရင် ပိုသတိထားလိုက်တာပေါ့။ mood နဲ့ method ဆိုတာမှာ ပြောရင်းဆိုရင်းလုပ်တဲ့ အက်တင်မှာကို ကိုယ်က mood နဲ့ပြောတာအပြင် ကိုယ်နဲ့တွဲ သရုပ်ဆောင်တဲ့သူကိုပါ plus acting ထည့်ပေါင်းပြီး သရုပ်ဆောင်တာမျိုးပေါ့။ mood ရော၊ method ကိုပါပေါင်းပြီး သရုပ်ဆောင်ခဲ့တာမျိုးပေါ့။
မေး - ကိုနေတိုးနဲ့ဆိုရင်လည်း တွဲရိုက်ဖြစ်တဲ့ ဇာတ်ကားတိုင်းမှာက အပေးအယူမျှအောင် သရုပ်ဆောင်နိုင်တာ တွေ့ရတယ်နော်။ အဲဒီအပိုင်းနဲ့ပတ်သက်လို့လည်း ပြောပေးပါဦး။
ဖြေ- အဓိကတော့ ဇာတ်ကောင်ကာရိုက်တာပါပဲ။ ဇာတ်ညွှန်းနဲ့ဇာတ်လမ်းနဲ့ သရုပ်ဆောင်ရတဲ့ ပလော့ပ်အပေါ် မူတည်ပြီး ကြိုးစားခဲ့ကြတာ များပါတယ်။
မေး- အခုရုံတင်တော့မယ့် ရူးအောင်ချစ်မယ့်လူ ဇာတ်ကားကိုလည်း ပရိသတ်တွေက အကယ်ဒမီအထိ မှန်းပေးနေကြတယ်။ အဲဒီအပေါ်မှာ ခံစားမှုကိုလည်း သိချင်ပါတယ်။
ဖြေ- ပရိသတ်တွေကတော့ မှန်းပေးနေကြတာပါပဲ။ သူတို့က ကိုယ့်ကိုချစ်တဲ့ စိတ်နဲ့ မှန်းပေးကြတာပေါ့။ ပြောရမယ်ဆိုရင် မျှော်လင့်ချက်နဲ့လုပ်တာမျိုးတော့ မရှိဘူး။ ဘာပဲလုပ်လုပ် လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ အကယ်ဒမီဆိုတာမျိုးကတော့ နောက်ဆက် တွဲရလာတဲ့ ရလဒ်ပေါ့။ ကံတွေနဲ့လည်း အများကြီးဆိုင်ပါတယ်။
မေး- ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အပိုင်းကျတော့ရော ဇာတ်ဝင်ခန်းနည်းတာမျိုးရှိလား။
ဖြေ- ဒီဇာတ်ကားမှာက တစ်ကားလုံး အစကနေအဆုံးထိ မပါတာ။ ဇာတ်ရဲ့လေးပုံသုံးပုံလောက်ပဲ ပါတာပေါ့။ ဝတ္ထုထဲမှာလည်း အဲဒီအတိုင်းပဲဆိုတော့လေ။
မေး- ဒီဇာတ်ကားကို ဖူးဖူး (မေတိုးခိုင်) အတွက် ရိုက်ပေးတာလို့ပြောလို့ရလား။
ဖြေ- အဲဒီလိုပြောလို့လည်း ရတယ်။ သူနဲ့က အပြင်မှာလည်း တူမအရင်းဖြစ်နေတဲ့အခါကျတော့ ပိုပြီးတော့ လုပ်ရတာ ပိုကောင်းတယ်။သူ့အတွက်လည်းကောင်းသလို ကိုယ့်အတွက်လည်း ကောင်းတယ်။ ဇာတ်လမ်းကိုလည်းကြိုက်တယ်။ လာပြောတဲ့အချိန်မှာလည်း အားလုံးအဆင်သင့်ဖြစ်သွားတော့ ရိုက်ဖြစ်သွားတာပါ။
မေး- တူမဖူးဖူး (မေတိုးခိုင်) ရဲ့ သရုပ်ဆောင်နိုင်စွမ်းကိုရော ဘယ်လိုမြင်လဲ။
ဖြေ- အသစ်တစ်ယောက်အနေနဲ့တော့ လုပ်နိုင်တယ်လို့ပြောလို့ရတယ်။ အသစ်တစ်ယောက်အနေနဲ့ mood တို့ခံစားချက်ကို သေချာထည့်ဖို့ကသိပ်မလွယ်ဘူးလေ။ ဒါပေမဲ့ ဇာတ်ကောင်ကာရိုက်တာကို သူ့ရင်ထဲထိထည့်ပြီးသရုပ် ဆောင်နိုင်တာမြင်ရတော့ ကျေနပ်မိတယ်လို့ပြောရပါမယ်။
မေး- သူကဇာတ်ကားထဲမှာ ချွဲနွဲ့ရတဲ့ဇာတ်ဝင်ခန်းတွေအတွက် ခက်ခဲတယ်လို့ပြောထားတော့လေ အဲဒီအပိုင်းအတွက်ရော ပြောပေးပါဦး။
ဖြေ- သူကအပြင်မှာလည်း အဲဒီလိုပဲ။ ဘောက်ဆတ်ဆတ် နေတတ်တယ်။ အရမ်းမချွဲတတ်ဘူး။ အနုပညာအလုပ် လုပ်ရင်တော့လည်း ကာရိုက်တာမျိုးစုံလုပ်တတ်အောင် ကျင့်ရမယ်ဆိုတာကို သူ့ကိုသင်ပေးရတာပေါ့။
မေး- ကိုပြေတီဦးကလည်း ငရဲဆိုချိုနဲ့လား ဇာတ်ကားကိုရိုက်ဖို့ ပြင်ဆင် နေတယ်ဆိုတော့ အဲဒါနဲ့ပတ်သက်လို့ ဘာတွေကူညီပေးဖြစ်လဲ။
ဖြေ- ဒီဇာတ်ကားက သူဟိုအရင်ကတည်းက အရမ်းရိုက်ချင်တဲ့ဇာတ်ကားပေါ့။ ဦးနုရဲ့ ငရဲဆိုချိုနဲ့လား ဇာတ်လမ်းပေါ့။ ဘတ်ဂျက်ကိုတော့ တော်တော်လေးထည့်ရမယ်။ ပြင်ဆင်မှုကလည်း ဖေဖော်ဝါရီလောက်ကတည်းက ပြင်ဆင်နေတာ။ နောက်ပိုင်းကျရင်တော့ ပြင်ဆင်နေတဲ့ အပိုင်းတွေကိုကအစ ပရိသတ်ကို အကုန်ချပြသွားမှာပါ။ အဲဒီဇာတ်ကားမှာတော့ သရုပ်ဆောင်အနေနဲ့ မအူဝဲက မပါဘူး။ ထုတ်လုပ်သူအနေနဲ့ပဲ သီးသန့်ပါမှာပေါ့။
မေး- ဖူးဖူး(မေတိုးခိုင်)အတွက်ရော သူ့ရဲ့အနုပညာခရီးလမ်းမှာဘာတွေ ပံ့ပိုးပေးသွားမလဲ။
ဖြေ-အတတ်နိုင်ဆုံးတော့ သူဘာတွေလိုအပ်မလဲဆိုတာ ပံ့ပိုး ပေးမှာပါ။ လိုအပ်တာကို ဘေးကနေဖြည့်ဆည်းပေးရမှာပေါ့။
မေး- ဘယ်အတိုင်းအတာလောက်အထိပဲ အနုပညာကိုလုပ်မယ်ဆိုတာမျိုး သတ်မှတ်လိုက်တာလား။
ဖြေ- အဲဒါကတော့ ကိုယ်တိုင်တောင် အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် သိပ်ကြည့်ချင်တာမဟုတ်ဘူးလေ။ ပရိသတ်လည်း ကြည့်ချင်မှကြည့်ချင်မယ်။ ကိုယ့်ဘာသာသတ်မှတ်ထားတဲ့ အသက်အရွယ်တစ်ခု ရောက်လာပြီဆိုရင်တော့ ရပ်မယ်ပေါ့။ အဲဒါမျိုးတော့စိတ်ကူးထားတယ်။ ထုတ်လုပ်သူ အလုပ်ကတော့ ဆက်လုပ်ဖြစ်သွားမှာပါ။