အာမခံပစ္စည်း မပါသည့်စနစ်ဖြစ်သည့်အတွက် ထုတ်ကုန်ကဏ္ဍတိုးတက်နိုင်ပြီး ဆုံးရှုံးနိုင်ခြေနည်းသော SME များကို လုပ်ငန်းအလိုက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

အာမခံပစ္စည်း မပါသည့်စနစ်ဖြစ်သည့်အတွက် ထုတ်ကုန်ကဏ္ဍတိုးတက်နိုင်ပြီး ဆုံးရှုံးနိုင်ခြေနည်းသော SME များကို လုပ်ငန်းအလိုက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်
Published 10 September 2019

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်(SME – Development Bank) မှ JICA ချေးငွေများ ထုတ်ချေးမည်ဖြစ်ပြီး အာမခံမပါသည့်စနစ်ဖြစ်သည့်အတွက် ရှေ့အလားအလာ ကောင်းမွန်၍ နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍ တိုးတက်နိုင်ပြီး ဆုံးရှုံးနိုင်ခြေနည်းသော လုပ်ငန်းများကိုသာ ထုတ်ချေးမည်ဖြစ်ကြောင်းနှင့် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်းအထိ သတ်မှတ်ကာ ချေးပေးမည်ဖြစ်ကြောင်း  အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

အနည်းဆုံးလုပ်ငန်းလုပ်သက်သုံးနှစ်နှင့် အထက်ရှိပြီး ကောင်းမွန်စွာလည်ပတ်နေသော လုပ်ငန်းဖြစ်ရမည်၊ ၂၀၁၅ ခုနှစ် SME ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်ကိုက်ညီသည့် SME လုပ်ငန်းဖြစ်ရမည်။

လယ်ယာစိုက်ပျိုးရေး၊ ဘဏ္ဍာရေးအာမခံ၊ အိမ်ခြံမြေ အဖိုးတန်သတ္တု ရောင်းဝယ် ရေး၊ အရက်ဆိုင်နှင့် ပျော်ပွဲစားရုံများ၊ ဖျော်ဖြေရေး၊ တင်ဆက်မှုနှင့် ပျော်ပွဲရွှင်ပွဲဆိုင်ရာ လုပ်ငန်းများ(ခရီးသွားလုပ်ငန်းမှအပ)၊လက်နက်၊ခဲယမ်း၊ မီးကျောက်လုပ်ငန်းများနှင့် လူမှုဆိုင်ရာ တည်ငြိမ်မှုကို ထိခိုက်စေသော ကဏ္ဍများနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများအား ခွင့်ပြုထုတ်ချေးပေးမည် မဟုတ်ဟု ထုတ်ပြန်ထားသည်။

ချေးငွေအား လုပ်ငန်းသုံးစက်ပစ္စည်းများ ဝယ်ယူရန်(သို့မဟုတ်)လုပ်ငန်းနှင့်ပတ် သက်သောအဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်ရာတွင်အသုံးပြုရမည်၊ လျှောက်ထားချေးငွေများကို JICA မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် SME-Development Bank ၏ ချေးငွေစည်းကမ်းချက် များနှင့်အညီ စိစစ်ခွင့်ပြုမည်ဖြစ်သည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးထားသော  JICA TSL ချေးငွေများအနက် SMEလုပ်ငန်းများအား ဦးစားပေးခွင့်ပြုထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလည်ပတ်မှုကောင်းမွန်သော စီးပွားရေးလုပ်ငန်းများနှင့်ငွေကြေးလည်ပတ်မှုကောင်းမွန်သော SMEလုပ်ငန်းများအား အပေါင်ပစ္စည်းလျှော့ချ၍လည်းကောင်း၊  CGI စနစ်ဖြင့်လည်းကောင်း ထုတ်ချေးပေး ခြင်း၊JICA ၏ သတ်မှတ်ချက်အရ ဂျပန်နိုင်ငံမှ ကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်လျက် ရှိသည့် SME လုပ်ငန်းရှင်များ၊ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ လုပ်ငန်းကောင်းမွန်မှန် ကန်သည့် SME လုပ်ငန်းများကို ဦးစားပေး ခွင့်ပြု ထုတ်ချေးသွားမည်ဟု သိရသည်။

နိုင်ငံတော်၏SME ကဏ္ဍအား ရေရှည် ထောက်ပံ့နိုင်ရန် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေသော အထောက်အပံ့ဖြစ်စေသည့်  SME လုပ်ငန်းများကို ဦးစားပေးခွင့်ပြုသွားမည်ဖြစ်သည်။

CGI စနစ်ဖြစ်သည့်အတွက် မြန်မာ့အာမခံလုပ်ငန်းမှသတ်မှတ်ထားသော ပရီမီယံကြေးကို ထပ်မံပေးသွင်းရမည်ဖြစ်သည် ။ ယခင်က JICA TSL ချေးငွေအား ရယူဖူး သော SME လုပ်ငန်းရှင်များလည်း ပြန် လည်လာရောက်လျှောက်ထားနိုင်ကြောင်း၊ ချေးငွေလျှောက်ထားရန် လိုအပ်ချက်အ သေးစိတ်အား SME -Development Bank ရုံးချုပ်နှင့် နီးစပ်ရာဘဏ်ခွဲများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent