
လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၁ ဒသမ ၉ သိန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၂၅၀ ခန့်ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၄၁,၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာသန်း ၆၀ ကျော်ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ ပြည်ပ ကို ရော်ဘာတန်ချိန် ၁၉၂,၉၈၆ တန်ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ၂၄၇ ဒသမ ၅၅၇ သန်းရရှိထားပါတယ်။ ယခင်နှစ်ကာလ တူတွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၁၅၁,၈၉၅ တန်ကျော်သာ တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ ၁၈၄ ဒသမ ၃၆၀ သန်းရရှိထားပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လ တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှု တန်ချိန် ၄၁,၀၉၀ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၁၉၇ သန်း ကျော်ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းများတွင် စိုက်ပျိုးကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းနီးပါးရှိပြီး ကရင်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၂၇၀၀၀၀ နီးပါးရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးမှုမှာ ၁၆ သိန်းခန့်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ တစ်နှစ်လျှင် ရာဘာတန်ချိန် စုစုပေါင်းနှစ်သိန်းခန့် ထွက်ရှိပြီး ရာခိုင်နှုန်း ၉ဝကျော်ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ် ကြောင်း၊ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိပြီး အဓိကတင် ပို့နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး၊ ထုတ်လုပ်သူများအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာကို တရုတ်အပြင် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီး ရှား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်တွင်သာမက ရော်ဘာစိုက်ဧကနှင့် ရော်ဘာအထွက်များသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နိုင်ငံတကာ အဆင့်မီ ရော်ဘာကုန်ကြမ်းနှင့် ကုန်ချောထုတ်လုပ်နိုင်ရန် ရော်ဘာအထူးဇုန်များ ဖော် ဆောင်ပေးရန် မတ်လ ၇ ရက်ကပြုလုပ်သည့် ဒုတိယသမ္မတ (၁)ဦးဆောင်သော ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၅) ကြိမ်မြောက် အခမ်းအနားတွင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး၊ ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က တင်ပြခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံခြားသို့ တင်ပို့နေသော RSS မှိုင်းခံရော်ဘာများ၊ ရော်ဘာခြံများ(အထူးသဖြင့် ခြံငယ်များ)များမှ ထုတ်လုပ်ရာတွင် စက်ပစ္စည်း၊ အစေးခဲကန်၊ မှိုင်းခံများမရှိသဖြင့် ရော်ဘာအစိုပြားများ အထူ ပြားများသာ ထုတ်လုပ်နေရပြီး ရောင်းချရာတွင်လည်း စျေးမရကြသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။