ကျောက်စိမ်း ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို မန္တလေးမြို့၌ ပထမဆုံးအကြိမ်အဖြစ် မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်

ကျောက်စိမ်း ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို မန္တလေးမြို့၌ ပထမဆုံးအကြိမ်အဖြစ် မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်
မဟာအောင်မြေကျောက်ဝိုင်းတွင် ရောင်းဝယ်နေသူများအား တွေ့ရစဉ်
မဟာအောင်မြေကျောက်ဝိုင်းတွင် ရောင်းဝယ်နေသူများအား တွေ့ရစဉ်
Published 10 September 2019
မင်းလတ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

ကျောက်စိမ်းကျောက်မျက်ရတနာ ရောင်းချလို့သူများအတွက် မန္တလေးကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာလဆန်းမှစ၍ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း လက်ခံပေးသွားမည်ဖြစ်ပြီး ကျောက် စိမ်းအတွဲပေါင်း ၄၀၀၀ ခန့်  ခန့်မှန်းထားပြီး ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်ပြုလုပ်သွားမည်ဟု ပြပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော်အောင်က ပြောကြားသည်။

“မန္တလေးတိုင်းဒေသကြီး အစိုးရ လမ်းညွှန်မှုနဲ့  မန္တလေးမှာ ကျောက်မျက်ပြပွဲလုပ်ဆောင်သွားမယ်။ အောက်တိုဘာ ၂၀ ရက် ကနေ ၂၆ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ရက်သတ်မှတ်ထားပါတယ်။  လုပ်ရတဲ့ ရည်ရွယ်ချက်က မန္တလေးက ကျောက်စိမ်းထွက်ရှိပြီး အရောင်းအဝယ်လုပ်နေတဲ့ အဓိကနေရာဖြစ်ပါတယ်။ မန္တလေးမှာရှိတဲ့ ကျောက်ကုန်သည်တွေက နေပြည်တော် ရန်ကုန်တို့မှာ ပြပွဲတွေက ကျောက်တွေ သွားဝယ်တဲ့အခါ မလိုအပ်တဲ့ ခရီးစရိတ်တွေ အပိုကုန်ကျမှုတွေ ဖြစ်နေတာတွေရှိတယ်။ မန္တလေးက တစ်နိုင်ငံလုံးမှာ  ကျောက်စိမ်းနဲ့ပတ်သက်ပြီး ဝယ်ယူပြီး လုပ်ငန်းလုပ်နေတာ ၉၀ ရာခိုင်နှုန်း လောက်က မန္တလေးမှာ အခြေစိုက်ပါတယ်။  ကျောက်စိမ်းကုန်ကြမ်းရရှိဖို့ အခြေခံကျောက်သမားတွေ အချောထည်လုပ်ကိုင်သူတွေနဲ့ ကျောက်လောက ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် အခုလိုပြပွဲ ကျင်းပခြင်းဖြစ်တယ်” ဟု ပြပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော်အောင်က ပြောကြားသည်။

မန္တလေးမြို့၌ မြန်မာငွေဖြင့်ရောင်းချ မည့် ကျောက်စိမ်းကျောက်မျက်ရတနာပြပွဲကို  မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ်ပြီး ကျောက်မျက်ရတနာနှင့် ဆက်စပ်လုပ်ငန်းရှင်များအတွက် ကျောက်စိမ်း၊ ကျောက်မျက်ကုန်ကြမ်း ရရှိစေရန်၊ ပြည်တွင်းကျောက်စိမ်းအချောထည်၊ ပန်းပုရုပ်တုနှင့် လက်ဝတ်ရတနာစျေးကွက်ကို ပိုမိုမြင့်မားလာစေရန် ပုဂ္ဂလိက ကျောက်စိမ်းလုပ်ငန်းများ၊ အလုပ်အကိုင်အ ခွင့်အလမ်းများ တိုးတက်လာစေရန် ရည် ရွယ်ချက်ဖြင့် ပြသခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent