
သီလဝါဆိပ်ကမ်းဒေသအပါအဝင် ရန်ကုန်ဆိပ်ကမ်းများ၏ ၄၁ စင်းမြောက် ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားနှင့် ကုန်သိုလှောင်ရုံဖြစ်သည့် International Bulk Terminal Thilawa (IBTT) အား ဖွင့်လှစ်၍ ဆိပ်ကမ်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင် - ကျောက်တန်းနယ်မြေ၊ သီလဝါဆိပ်ကမ်းဒေသ၊ မြေကွက်အမှတ် ၃၀၊ (၃၀+၃၂) (အေ) တွင် လုုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသော မြေဧရိယာ ၆၁ ဒသမ ၇၇ ဧကအနက်မှ ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်ရန်လျာထား သတ်မှတ်ထားသည့် မြေဧရိယာဧက ၂၀ တွင် နိုင်ငံခြားဖက်စပ်စနစ်ဖြင့် ခေတ်မီဘက်စုံသုံး၊ အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားနှင့် ကုန်သိုလှောင်ရုံများ အစရှိသည့် ဆက်စပ်အဆောက်အအုံများ လုပ်ငန်းဆောင်ရွက်ရန် Diamond Star CO. ltd ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Lluvia Ltd နှင့်Kamigumi Co. Ltd, Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN) တို့ ဖက်စပ်စနစ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် International Bulk Terminal Thilawa (IBTT) မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
“IBTT အနေဖြင့် ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ယခုအခါ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းတွေကို နိုင်ငံတကာအဆင့် အောင်မြင်စွာဆောင်ရွက်နေတာ ဝမ်းမြောက်စရာအောင်မြင်မှုဖြစ်ပါတယ်။ IBTT ရဲ့ အောင်မြင်မှုဟာ မြန်မာ-ဂျပန် နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုသမိုင်းမှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေမှာပါ။ IBTT ဆိပ်ခံတံတားကြီးမှာ အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ ဆိုက်ကပ်ပြီး ဂျုံနှင့် ကောက်ပဲသီးနှံ စတဲ့ လယ်ယာထွက်ကုန်များကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များရှိပါရင် ကျွန်တော်တို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
International Bulk Terminal Thilawa (IBTT) သည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၈၆ သန်း အပါအဝင် အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၄၄ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် မီတာ ၂၃၀ ဆိပ်ခံတံတားနှင့် နောက်ခံမြေတွင် ဂျုံနှင့် ကောက်ပဲသီးနှံသိုလှောင်နိုင်သည့် စုစုပေါင်း မက်ထရစ်တန် ၆၆၀၀ ဆံ့ သိုလှောင်ကန် ၁၃ လုံး၊ စုစုပေါင်းကြမ်းခင်းဧရိယာ ၅၄၀၀ စတုရန်းမီတာရှိ သိုလှောင်ရုံ တစ်လုံးတို့အား MIC သတ်မှတ်ထားသည့် တည်ဆောက်ရေးကာလ နှစ်နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်း၌ သုံးနှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ရှစ်စင်း အသစ်တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိတွင် ဆိပ်ခံတံတား ၄၁ စင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း အလျားမှာ ၁၃၈၅ မိုင်ရှိပြီး အဆိုပါကမ်းရိုးတန်းတစ်လျှောက် ဆိပ်ကမ်းပေါင်း ကိုးခုခန့် ရှိကာ ယင်းဆိပ်ကမ်းများတွင် ရန်ကုန်ဆိပ်ကမ်းသည် အဓိကဆိပ်ကမ်းကြီးတစ်ခုဖြစ်သည်။ အပြည်ပြည်ဆိုင်ရာရေကြောင်းကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ လက်ခံဆောင်ရွက်နေခြင်းဖြစ်သည်။