
“မီဒီယာကောင်စီအနေနဲ့ Facebook Team နဲ့တွေ့ပြီး သတင်းမှားတွေပေးနေတဲ့ ပေ့ချ်တွေ၊သတင်းကူးယူဖော်ပြနေတဲ့ အွန်လိုင်းဝက်ဘ်ဆိုက်များကို ဖယ်ရှားရှင်းလင်းဖို့လုပ်ပါမယ်။အစိုးရဘက်ကသာ ပါဝင်မယ်ဆိုရင် ပိုပြီးမြန်ဆန်ထိရောက်မယ်လို့ မြင်တယ်”
သတင်းအတုအယောင်များ၊ သတင်းမှားများနှင့် သတင်းကူးယူဖော်ပြနေသည့် အွန်လိုင်းဝက်ဘ်ဆိုက်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေဖြင့် စိစစ်လုပ်ဆောင်နေတဲ့အခြေအနေများ၊ ထိရောက်စွာ ဆောင်ရွက်နိုင်မှု ရှိမရှိ စတဲ့အခြေအနေများကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်၊ သတင်းမီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးရေးကော်မတီ၏ အတွင်းရေးမှူး ကိုဇေယျာလှိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး - အဓိက သတင်းမီဒီယာကြီးတွေကနေ စိုက်ထုတ် ကြိုးပမ်းထားတဲ့ သတင်းတွေကို ကူးယူသုံးစွဲနေတဲ့ အွန်လိုင်းဝက်ဘ်ဆိုက်တွေ၊ Facebook Page တွေကိစ္စ သတင်းမီဒီယာကောင်စီအနေနဲ့ ဆောင်ရွက်နေမှုအပိုင်း ဘာတွေလုပ်ဆောင်နေလဲ။
ဖြေ - ကျွန်တော်တို့ အဓိကကတော့ အွန်လိုင်းဆိုရှယ်မီဒီယာ၊ Facebook Page တွေမှာ Main Stream Media နဲ့ အခြား Media က Content တွေပေါ့၊ အရုပ်ပါမယ်၊ အသံပါမယ်၊ စာပါမယ်၊ အစုံပေါ့။ ဒါတွေကို မူလပိုင်ရှင်မသိဘဲနဲ့ ကူးယူဖော်ပြတာမျိုးတွေတွေ့ရတယ်။နောက်တစ်ခုက အဲဒီအပြင်မှာ Disinformation လို့ခေါ်တဲ့ သတင်းမှားတွေ ဖြန့်ချိတဲ့ပေ့ချ်တွေ တွေ့ရတယ်။ ဒါတွေကို သတင်းမီဒီယာ ကျင့်ဝတ်အ ရရှင်းထုတ်ရမယ် ဆိုတာမျိုး ကောင်စီက လက်ခံထားတယ်။ ဥပဒေမှာလည်း သတင်းမီဒီယာ ကျင့်ဝတ်အရ ဖောက်ဖျက်တာတွေ တွေ့တယ်ဆိုလို့ရှိရင် အများပြည်သူကို ထုတ်ပြန် ကြေညာနိုင်တယ်လို့ မီဒီယာဥပဒေ ပုဒ်မ ၁၇ မှာ ပါတာဖြစ်တဲ့အတွက် ကျွန်တော်တို့က အဲဒီဟာကို လုပ်တာဖြစ်ပါတယ်။ အခုက ဘာမြင်ရ လဲဆိုတော့ ကျွန်တော်တို့ ဒီ Disinformationပေါ့။ သတင်းအချက်အလက်အမှားတွေက လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်မှုကို ဦးတည်ပါတယ်။ နောက်တစ်ခုက သတင်းဌာန အကြီးတွေက လူအား၊ ငွေအား၊ ပညာ နဲ့ စိုက်ထုတ်ကြိုးပမ်းထားတဲ့ ဉာဏ ထုတ်ကုန်တွေကို သူတို့က အလွယ်တကူ ခိုးယူတင်ပြတာက မလျော် ကန်တဲ့ကိစ္စဖြစ်တယ်။ ဒါကို ကျွန်တော်တို့က အများပြည်သူသိအောင် ထုတ်ပြန်ကြေညာခြင်းဆိုတဲ့ အလုပ်ကို လုပ်တာဖြစ်ပါတယ်။
မေး - သတင်းမီဒီယာကောင်စီကနေ ထုတ်ပြန်ခဲ့တဲ့ သတင်းပေ့ချ်အတုတွေနှင့်ပတ်သက်ပြီး ဘယ်လို အမျိုးအစားတွေခွဲခြားပြီး ထုတ်ပြန်ဆောင်ရွက်ခဲ့လဲ။
ဖြေ - ကျွန်တော်တို့ အမျိုးအစားတွေ ခွဲထားတာ ရှိပါတယ်။သတင်းမီဒီယာလို့ အမည်ခံထားပြီးတော့ ဘယ်သူတွေလုပ်နေမှန်းမသိတာမျိုး၊ မှတ်ပုံတင်ထားခြင်း မရှိတာမျိုး၊ နောက်ပြီးတော့ Main Stream Media တွေကနေပြီးတော့မှ မူလပိုင်ရှင်မသိဘဲ ကူးယူဖော်ပြခြင်းဆိုတာ ပုဒ်မ ၉ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း တခြားသူရဲ့ဉာဏပစ္စည်းကို ကူးယူဖော်ပြခြင်း၊နောက်တစ်ခုက ရှိသမျှ မီဒီယာတိုက်တွေရဲ့ သတင်းတွေကို တိုက်ရိုက်ကူးယူဖော်ပြတယ်။ အောက်မှာ မီဒီယာတိုက်ရဲ့ ခရက်ဒစ်ပေးသော်ငြားလည်း မူလမီဒီယာတိုက်ရဲ့ သဘောတူညီမှုမရှိတာမျိုး၊ အော်ရီဂျင်နယ်လင့်ခ်ကို ပြန်မရှဲလ်တာမျိုးဆို စာရင်းထဲ ထည့်ပါတယ်။ နောက်ပြီးတော့မှ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ Active ဖြစ်တဲ့ ဟာတွေကိုထည့်ပါတယ်။အဲဒီလိုအမျိုးအစားခွဲပြီး ဥပဒေနဲ့ကျင့်ဝတ်နဲ့ ချိန်ပြီးတော့မှ စိစစ်ပြီး ထုတ်ပြန်ပါတယ်။
မေး - မီဒီယာကောင်စီကနေ နှစ်ကြိမ်ထုတ်ပြန်ပေးခဲ့တယ်။ သတင်းပေ့ချ်အတုတွေ၊ သတင်း ကူးယူသုံးစွဲတယ်ဆိုတဲ့ ပေ့ချ်တွေကို အဲဒီနောက် ရလဒ်က ဘယ်လိုပြောင်းလဲခဲ့လဲ။
ဖြေ - ပထမအကြိမ် ၃၁ ခု Facebook Page တင် မကဘူး။ ဝက်ဘ်ဆိုက်တွေပါ ကျွန်တော်တို့ လုပ်ပါတယ်။ တချို့ကျတော့ ဖေ့စ်ဘွတ်ပဲ သီးသန့်ရှိတယ်။ တချို့ကျတော့ ဝက်ဘ်ဆိုက်နဲ့ ချိတ်လုပ်ထားတာ ရှိတယ်။ တချို့ကျတော့ ဝက်ဘ်ဆိုက်ပဲ ရှိတာမျိုးရှိတယ်။ ဘာကို သွားတွေ့ရလဲဆိုတော့ ကျွန်တော် တို့ ပထမတစ်ကြိမ်မှာ ၃၁ ခု၊ ဒုတိယ အကြိမ်မှာ ၄၈ ခု အားလုံးပေါင်း ၇၉ ခုဖြစ်သွားတယ်။ အဲဒီမှာ တချို့ကျ တော့ ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်လိုက်တယ်။အဲဒီဝက်ဘ် ဆိုက်တစ်ခုကို မတူညီတဲ့ ဆိုရှယ်မီဒီယာပေ့ချ် လေး၊ ငါးခုကနေ တစ် ပြိုင်နက်တည်း ၀ိုင်းဆွဲတာမျိုး၊ ဒါကတော့ ကျွန်တော်တို့ ဘာမြင်ရလဲ ဆိုရင် ဝက်ဘ်ဆိုက်ကို ထောင်တဲ့ တစ်ဦးတစ်ဖွဲ့တည်းကပဲ ဒါတွေအားလုံးကို လှုပ်ရှားပြီးလုပ်နေတယ်လို့ ကျွန်တော်တို့က သုံးသပ်လို့ရတယ်။ ဥပမာ သစ်ထူးလွင်ပေါ့။ ရှိသမျှ Main Stream Media တွေရဲ့ Content တွေကို အကုန်ခိုးပစ် တယ်။ အောက်မှာ ခရက်ဒစ်တော့ ပေးပါရဲ့ သို့သော်လည်း မူလလင့်ခ်တွေ ပါမလာဘူး။ မူလပိုင်ရှင်ကို အသိပေးထားတာမရှိဘူး။တခြားပေ့ချ်တွေလည်းရှိပါတယ်။ Cele အမည်ခံတွေ၊ News အမည်ခံတွေ။ ဒါတွေက တော်တော်များများ ဆိုးတယ်။အဲဒီတော့ ကျွန်တော်တို့ ဒါ ကို ကြေညာပြီးတဲ့အခါမှာ လူတွေ က မေးကြတယ်။ ဘာဆက်လုပ်ကြမှာလဲပေါ့။ ကျွန်တော်တို့ အလုပ်က တော့ ဒါတွေက သတင်းပေ့ချ်အတု တွေ၊ ယုံကြည်လို့မရတဲ့ ဌာနတွေ ပါလို့အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာတယ်။ အခု နောက်ပိုင်းတော့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အဲဒီစာရင်းကို တောင်းပါတယ်။ သမ္မတရုံးကလည်း တောင်းပါတယ်။ ပြန်ကြားရေးဌာနကတော့ ဒီစာရင်းကို ကြည့်ပြီးတော့ သူတို့ဆီမှာ မှတ်ပုံတင်ထားတာ တွေ့ရင် ခေါ်ပြီးတော့ သတိပေးတယ်။ မေးမြန်းတယ်။အဲဒီအဆင့်တော့ဖြစ်လာတယ်။ တချို့သူတွေကလည်း သူတို့မလုပ်တော့ပါဘူး ဆိုပြီး ဝန်ခံတာမျိုးတွေ ဖြစ်လာတာ တွေရှိတယ်။ ဒါကတော့ ကျွန်တော်တို့ ကောင်စီက ကြေညာပြီးနောက်ပိုင်း အကျိုးရလဒ်တွေပါပဲ။
မေး - လက်ရှိမှာ သတင်းပေ့ချ်အတုတွေ၊ မီဒီယာကြီးတွေက သတင်းတွေကို ကူးယူပြီး ပြန်လည် လုပ်စားနေတဲ့ပေ့ချ်တွေရဲ့ ရပ်တည်နေမှုပုံစံတွေကိုရော မီဒီယာကောင်စီအနေနဲ့ ဘယ်လိုမြင်မိလဲ။
ဖြေ - သတင်းအတုပေ့ချ်တွေကို အတုတွေမကဘူး။ ကျွန်တော်တို့က Fake Account တွေပေါ့။ ဘယ်သူ က လုပ်ဆောင်ထားမှန်းမသိတဲ့အကောင့်မျိုးတွေပေါ့။ အဓိကအားဖြင့်တော့ အကြောင်းရင်းက နှစ်မျိုး သွားတွေ့ရတယ်။ တစ်မျိုးက Google တို့၊ Youtube တို့၊ Facebook တို့က ငွေရမယ့်လမ်းတွေ နည်းနည်းရှိ တယ်။ အဲဒါကို မူတည်ပြီး တချို့သူ တွေက လူနှစ်ယောက်တစ်ပိုင်းနဲ့ မီဒီယာထောင်လိုက်တယ်။ ပြီးရင် ကျောင်းတက်နေတဲ့ လူငယ်တွေ၊ ငွေလိုလို့ အချိန်ပိုင်းလုပ်ချင်တဲ့ လူငယ်တွေကို အဆိုင်းမန့်ပြန်ပေး လိုက်တယ်။တစ်ယောက်ကို Content နှစ်ခု၊ သုံးခုပေး၊ ငါးခုအထိ ရှိတာပေါ့။ပြီးရင် စာမူခဘယ် လောက်ပေးမယ်ဆိုပြီး ရေးခိုင်းတယ်။ အဲဒီတော့ Content Writer တွေကလည်း မီဒီယာရဲ့ စည်းကမ်း နည်းလမ်းကို မသိဘူးရေးတယ်။ အဲဒီမှာတင် Main Stream Media က Content တွေ အကုန်ပါကုန် တယ်။ပြည်တွင်း သတင်းတွေမက ဘူး။ နိုင်ငံတကာက သတင်းတွေပါ ပါကုန်တယ်။ ဥပဒေမှာတော့ ပုဒ်မ ၉(စ) မှာ ရေးထားတာအရမ်းတိလင်းပါတယ်။ တစ်ပါးသူ မသိဘဲ၊ မူလပိုင်ရှင်မသိဘဲ ဆိုတော့ ဘယ်သူပိုင်ပိုင် ဒီအမျိုးအစားထဲ ဝင်သွားတယ်။ နောက်တစ်ခုကတော့ နိုင်ငံရေးအရပေါ့။ နိုင်ငံရေးဆိုတဲ့ နေရာမှာ အကုန်ပါတယ်။ဘာသာရေးရော၊လူမျိုးရေးရော ကိုယ့်ဘက် ပါတီဘက်ပေါ့။ ဒါမျိုးတွေလည်း ရှိ ကောင်း ရှိနိုင်တယ်။ သူတို့ကတော့ သူတို့ထဲမှာ လူတွေများများစားစား ဖြစ်လာအောင် အထူးသဖြင့်တော့ Celebrity News တွေ၊ Crime News တွေ၊အများဆုံး ကူးကြတယ်။သူတို့ ပေ့ချ်တွေမှာ လူတွေက သန်းနှင့်ချီ ရှိကြတယ်။ တစ်ခါတစ်ရံမှာ နိုင်ငံ တော်က အထိအရှလွယ်တဲ့အချိန် မျိုးတွေ၊ လူမျိုးရေး အဓိကရုဏ်းဖြစ် တဲ့အချိန်၊ ဘာသာရေး အဓိကရုဏ်း ဖြစ်တဲ့ အချိန်မျိုးတွေ၊ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်ဆိုရင် သူတို့လိုချင်တဲ့၊ သူတို့ပုံဖျက်ချင်တဲ့ လမ်းကြောင်းကို သတင်းမှားတွေနဲ့အချက်အလက် ကို ပုံဖျက်ပြီး ထိုးထည့်တယ်။ အဲဒီတော့ လူထုကဒါတွေကို ဖတ်မိပြီး သို့လောသို့လောဖြစ်ကာ လူ့အဖွဲ့အစည်းကို မတည်မငြိမ်လုပ်တာမျိုးတွေ သွားတွေ့ ရပါတယ်။ ပထမ တစ်ခုကို ပြန်ကြည့်ရင် စီးပွားရေး အရလုပ်တဲ့အဖွဲ့မှာလည်း မတူညီတာ နှစ်မျိုးထပ်တွေ့ရတယ်။တစ်မျိုးကတော့ သိသိကြီးတဲ့ လုပ်တာ။ တချို့ကျတော့ တကယ်ကို မသိတာ။ ဒီလို လုပ်လို့ရတယ်ပဲထင်ပြီးတော့ အလွယ်တကူ ကူးယူဖော် ပြတာ။ Digital Media က ခိုးကူးဖို့ လွယ်တာကိုး။ မသိလို့ လုပ်တဲ့သူတွေကတော့ သူတို့မသိကြောင်း ဝန်ခံပြီးတော့ နောက်ပိုင်းမလုပ်တော့ပါဘူးဆိုပြီး ကျွန်တော်တို့ ကောင်စီကို စာပြန်တင်ပေးတယ်။ပြီးတော့မှ သတင်းမီဒီယာကြီးတွေဆီကနေ ပြန်ပြီးတော့ သတင်းတွေ ဝယ်သုံးကြတယ်။ တချို့ကျတော့လည်း ပိုင်ရှင်က နိုင်ငံခြားသား အမည်ခံခိုင်းတာက ပြည်တွင်းက HR နဲ့ Legal Advisor တွေကို နာမည်ခံခိုင်းပြီးတော့မှ လှည့်တာပေါ့။ ရတဲ့ပိုက်ဆံက သူ တို့ရဲ့ ဘဏ်အကောင့်ထဲကို Automatic ဝင်သွားတယ်။ တကယ်တမ်း အလုပ်လုပ်ရတာ ပြည်တွင်းက လူငယ်တွေက လုပ်နေရတယ်။အဲဒီတော့ တကယ်အမှုအခင်းဖြစ်လို့ ရင်ဆိုင်မယ်ဆိုရင် ပြည်တွင်းကသူတွေ ရင်ဆိုင်ရမှာ။ ဒီလို အမျိုးအစားတွေကို တွေ့ရပါတယ်။
မေး - အစိုးရအနေနဲ့ ကျပ်သန်း ၆၀၀၀ ကျော် လောက်သုံးစွဲပြီး အွန်လိုင်းမီဒီယာတွေကို စောင့် ကြည့်မှုလုပ်နေတာတွေကရော ဒီကိစ္စအပေါ်မှာ ဘယ်လောက်အထိ ထိရောက်မှုရှိလဲ။
ဖြေ - လွန်ခဲ့တဲ့ နှစ်က မီဒီယာကောင်စီ သမ္မတရှေ့မှာ ကတိသစ္စာပြုပြီး ညစာစားပွဲမှာ နိုင်ငံတော်အတိုင်၏ ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံတော့ အကြံပေးခဲ့တာလည်းရှိပါတယ်။နိုင်ငံတော်အစိုးရက အွန်လိုင်းမီဒီယာကို စောင့်ကြည့်ဖို့ဆိုပြီးတော့ ငွေကျပ် ခြောက်ဘီလျံကျော် သုံးစွဲထားတာ ရှိတယ်။ အဲဒီငွေတွေက စောင့် ကြည့် ရုံနဲ့မပြီးဘူး။စောင့်ကြည့်လည်း အသစ်အသစ်တွေက ထပ်ပေါ်လာမှာပဲ။ အဲဒီတော့ လူထုကို မီဒီယာအသိပညာပေး မြှင့်တင်ဖို့ လို လာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အပြောင်း အလဲက မြန်လွန်းအားကြီးတယ်။မြန်လွန်းအားကြီးတော့ တချို့ကိစ္စတွေက မရှင်းနိုင်ဘဲ တစ်နေတာမျိုး တွေရှိတယ်။အဲဒီထဲမှာ မီဒီယာပြဿနာလည်း ပါတာပေါ့။ လူထုက တယ်လီဖုန်းတွေက ၁၅ သိန်းကနေ ဝုန်းခနဲဆိုပြီး ကျပ် ၁၅၀၀ နဲ့ ရတဲ့ အချိန်မှာ တယ်လီဖုန်းစခရင်က Android မျက်နှာပြင်နဲ့ အကုန်လုံး ကို One Click နဲ့ ကြည့်လို့ရတယ်။ ဆင်ဆာတွေဘာတွေ ဘာမှမရှိဘူး။အရင်ခေတ်ကဆို ဆင်ဆာတွေရှိ တယ်။ အဲဒီတော့ ဒီအပေါ်မှာ သတင်းတွေက အကုန်လာတယ်။ကောင်းတာလည်းဝင်လာမယ်။ ဆိုးတာ လည်းဝင်လာမယ်။ ဒါတွေကို ရှင်းထုတ်ဖို့ ကျွန်တော်တို့ လူထုမှာက အသိပညာဉာဏ် နည်းနည်း လိုနေ သေးတာရှိတယ်။ လူထုကို အသိ ပညာပေးဖို့လိုလာမယ်။ နောက်ပြီး တော့မှ စာသင်ကြားရေးမှာပါ ထည့် ပြီး ရေးဆွဲရမယ့်ပြဿနာ၊ နောက်တစ်ခု သတင်းအတုပြဿနာက ကျွန်တော်တို့ နိုင်ငံတစ်ခုတည်းရဲ့ ပြဿနာ မဟုတ်ပါဘူး။ တစ်ကမ္ဘာ လုံးပြဿနာပါ။ အဲဒီတော့ ကျွန်တော်တို့က ကမ္ဘာမှာ ဘယ်လိုသွားနေလဲဆိုတဲ့ နည်းလမ်းတွေကို သိဖို့ လိုလာတယ်။ စဉ်းစားရမယ်။ ကျွမ်းကျင်တဲ့ နည်းပညာရှင်ရယ်၊ မီဒီယာ ကျွမ်းကျင်သူတွေရယ်ကို သေချာ တိုင်ပင်ပြီး အစိုးရကနေ မီဒီယာ ပေါ်လစီတစ်ခု ချမှတ်ဖို့လိုတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် ကျွန်တော်တို့ ထိရောက်ဖို့မလွယ်ဘူး။ ကျွန်တော်တို့ အခုကြေညာတယ်ဆိုတာ ကလည်း ရာနဲ့ထောင်နဲ့ရှိတဲ့ ပေ့ချ်တွေကို နည်းနည်းချင်းလုပ်ရတာ။ တကယ်တမ်း အများကြီးကျန်နေ သေးတယ် မလုပ်နိုင်သေးဘူး။ အဲဒီ တော့လူတွေက ထပ်မေးကြတယ်။ ကြေညာပြီးတော့ ဘာဆက်လုပ်ဖြစ် လဲပေါ့။ ကျွန်တော်တို့ရဲ့ ဥပဒေမှာ ကိုက ကြေညာနိုင်သည်လို့ပဲ ပါတယ်။ ဒါ ကျွန်တော်တို့ ရဲ့ နောက် ဆုံးလုပ်နိုင်တဲ့အလုပ်ပဲ။
မေး - မီဒီယာကောင်စီကတော့ သတင်းမှား ပေးနေတဲ့ပေ့ချ်တွေ၊ သတင်းကူးယူဖော်ပြတဲ့ ပေ့ချ်တွေကို ထုတ်ပြန်ပေးပြီးပေမယ့် လက်ရှိမှာ ဒီပေ့ချ်တွေက ဆက်လက်လုပ်ကိုင်နေမှုတွေရှိသေးတဲ့အပေါ် ဘယ်လိုကိုင်တွယ်ဆောင်ရွက် သင့်တယ်လို့ ထင်မြင်မိလဲ။
ဖြေ - အခုနောက်ပိုင်း မီဒီယာကောင်စီအနေနဲ့ Facebook Team နဲ့ တွေ့ပြီးတော့မှ သတင်းမှားတွေ ပေး နေတဲ့ ပေ့ချ်တွေကို ဖယ်ရှားရှင်းလင်းဖို့ အဆင့်ကို ထပ်လုပ်ပါမယ်။အဲဒါက အစိုးရဘက်ကသာ ပါဝင် မယ်ဆိုရင်ပိုပြီး မြန်ဆန်ထိရောက်မယ်လို့ ကျွန်တော်မြင်တယ်။ နောက်ပြီးတော့ လိုအပ်တဲ့ ဥပဒေ ပြုပေး နိုင်မယ်ဆိုရင်လည်း ထိရောက်ပါလိမ့်မယ်။ ဥပမာအားဖြင့် ဖေ့စ်ဘွတ် မှာ တက်တဲ့အခါမှာ ကျွန်တော်မြင် တာက ကြော်ငြာလိုချင်တဲ့ ဝင်ငွေတစ်ခုကို ကြည့်တာပေါ့။ ဆိုတော့ ဖေ့စ်ဘွတ်မှာ ကြော်ငြာထည့်မယ်ဆိုရင် အထူးသဖြင့် ပြည်တွင်းပေါ့။ အဆင့်ကို မြှင့်လိုက်တာမျိုး။ အဲဒါဆို မီဒီယာအကြီးတွေမှာလည်း ကြော်ငြာလာပြီးတော့ သူတို့ဆီမှာ မရတော့တာမျိုးပေါ့။ ကျွန်တော်က ပိတ်တာကိုတော့ မလိုလားပါဘူး။ အဲဒါကို ဘယ်လို စည်းကမ်းနဲ့ ထိန်းမလဲဆိုတဲ့ အိုင်ဒီယာမျိုးကို သက် ဆိုင်ရာအဖွဲ့အစည်းတွေက ပူးပေါင်း ပါဝင်သင့်တယ်။ ကျွန်တော်တို့က စာရင်းထုတ်ပေးတယ်။ အဲဒီစာရင်း အပေါ်မူတည်ပြီးတော့ အစိုးရ အဖွဲ့က လိုအပ်တဲ့ အရေးယူမှုပေါ့။ မူပိုင်ခွင့်ဥပဒေနဲ့ အရေးယူမလား။ သတင်းမှားဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ် အောင် လှုံ့ဆော်တဲ့အတွက် တည် ဆဲဥပဒေဖြင့် အရေးယူမလား။ ဒါ တွေကတော့ အာဏာပိုင်အဖွဲ့အစည်းက ပိုပြီးတော့ လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။