ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အလယ်ရွာချောင်းကူးကြိုးတံတား ပျက်စီးခဲ့ရပြီး ကျောင်းသားကလေးငယ် ၇၀ ခန့် စာသင်သွားရာတွင် အခက်ခဲဖြစ်ပေါ်လျက်ရှိကြောင်း အုပ်စုအုပ်ချုပ်ရေးမှူးရုံးက သိရသည်။
သြဂုတ် ၃၁ ရက် က ပေါက်ခေါင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် ပဲခူးရိုးမမှ စီးဆင်းလာသည့်ချောင်းများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကာ ယင်းနေ့ ညနေ ၄ နာရီခန့်က ရွှေလောင်းအုပ်စုရှိ အ လယ်ရွာ၏ အလယ်ချောင်းကို ဖြတ်သန်းထိုး ထားသည့် ကြိုးတံတားလည်း ပျက်စီးခဲ့ကာ ယနေ့အချိန်ထိ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးသည့်အတွက် တံတားကို ဖြတ်သန်းကာ ကျောင်းတက်နေရသည့် ကလေးငယ်များ ကျောင်းသို့သွားရာတွင် အခက်ခဲဖြစ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
“အခုကအလယ်ရွာ အရှေ့စုနဲ့အနောက်စုဆိုပြီး ချောင်းကပိုင်းထားတယ်ပေါ့။ အဲဒါကိုဖြတ်သန်းရတဲ့ ကြိုးတံတားပေါ့။ အလယ်ရွာမှာကလည်း စာသင်ကျောင်းကတစ်ကျောင်းပဲရှိတဲ့အတွက် အရှေ့စုက ကျောင်းသားတွေက အနောက်စုကိုလာပြီးကျောင်းတက်ရတော့ တံတားကိုဖြတ်ပြီးလာရတော့ အခုတံတားက ကြိုးနှစ်ချောင်းနဲ့ပျဉ်ခင်းပြီးထားတာမှာ တစ်ကြိုးပြတ်သွားပြီး လုံးလုံးကိုလည်းသွားတော့ အခက်တွေ့နေတာ ပေါ့။ ကလေးတွေက သွားတဲ့အခါမှာ လူကြီး ဒူးလောက်ဆိုရင် ကလေးကကျတော့ ခါးလောက်တွေရှိတယ်။ ချောင်းထဲက သွားရင်လည်း ရေကဘယ်အချိန်တက်လာမယ်ဆိုတာ မသိဘူးလေ လှေနဲ့သွားရတာတို့ အဝတ်အစားအပိုယူသွားပြီး ကျောင်းရောက်မှလဲရတယ်။ အရင်ကတော့ပြေပါတယ်” ဟု ရွေလောင်းအုပ်စု စာရေးကြီးဦးဇေယျာကျော်မြင့်က ပြောကြားသည်။
ယင်းပျက်စီးသွားသည့်တံတားအား ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြထားပြီး ခန့်မှန်း ကုန်ကျမှုများကို တွက်ချက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လှေတစ်စီးလုပ်ဖို့တော့ သူတို့စီစဉ်နေ တယ်။ ကြိုးစားနေတယ်။ တံတားဟောင်းက တို့လို့တန်းလန်းကျန်နေတယ်။ ရေမများတဲ့ အချိန်ကျတော့ အဲဒီအပေါ်မှာတစ်ယောက် ချင်းကူးနေရတယ်။ ရေများလာတဲ့ အချိန်ကျရင်တော့ သွားလို့မရဘူးဖြစ်နေတယ်။ ကျောင်းသားကတော့များတယ်။ အလယ်တန်းကျောင်းအဆင့်ဆိုတော့ များတာပေါ့။ လောလောဆယ်အနေအထားကတော့ ကျွန်တော်တို့လည်း တင်ပြဖို့လုပ်နေတုန်းပဲရှိ တယ်။ အဓိကကတော ့ကျောင်းသားကလေး တွေ သွားလာရေးခက်ခဲသွားတာပေါ့}} ဟု ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင်က ဆိုသည်။
အဆိုပါ သြဂုတ် ၃၁ ရက်က ယင်းမြို့နယ်အတွင်းရှိ ပေါက်ခေါင်း-အုတ်တွင်းလမ်း ပိုင်းရှိ ညောင်ဝန်းတံတားကျိုးပြတ်ခဲ့မှုကိုလည်း ယာယီဘေလီတံတားပြန်လည်ထိုးခဲ့ကာ စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီကစတင်ဖြတ်သန်းခွင့်ပြုခဲ့ပြီဖြစ်ပြီး ပျက်စီးခဲ့သည့် လူကူးကြိုးတံတားကိုတော့ ယနေ့အချိန်ထိ ပြင်ဆင်ပေးခြင်းမရှိသေးသည့်အတွက် သွားလာရေး ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။















