လာမည့် ဘဏ္ဍာနှစ်မှစ၍ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်၏ ပထမ သုံးလပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော် အတည်ပြု

လာမည့် ဘဏ္ဍာနှစ်မှစ၍ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်၏ ပထမ သုံးလပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော် အတည်ပြု
Published 5 September 2019
စည်သူ

လာမည့်ဘဏ္ဍာနှစ်မှ စတင်ကာ တည်ဆောက်ရေးတင်ဒါ ခေါ်ယူခြင်းလုပ်ငန်းများအား ဘဏ္ဍာနှစ်၏ ပထမ သုံးလပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးနိုင်ပါရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

မြောင်းမြ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစိုးမိုးသူ တင်သွင်းသော အထက်ပါအဆိုအား စက်တင်ဘာ ၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းပြီး လွှတ်တော် အဆုံးအဖြတ် ရယူအတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုရှင်က သြဂုတ် ၂ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် အဆိုကို စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုအား အတည်ပြုရန် ပြန်လည်ရှင်းလင်းခဲ့ပြီး အဆိုရှင်ကလည်း အတည်ပြုရန် သဘောထားမှတ်ချက်ပေးခဲ့ကာ လွှတ်တော် အဆုံးအဖြတ်ရယူရာတွင် အတည်ပြုရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်အား ၂၀၁၈-၂၀၁၉ ခုနှစ် မှစတင်ကာ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်မှုအား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်စွဲပါ စာ အမှတ် ၃(၁)/၁ သမ္မတရုံးဖြင့် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးကာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်ဟု ဒေါက်တာဦးစိုးမိုးသူက အဆိုတင်သွင်းစဉ်က ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပြောင်းလဲ သတ်မှတ်လိုခြင်း အဓိက အကြောင်းရင်းသည် လိုအပ်နေသော အခြေခံ အဆောက်အအုံများအား အရှိန်အဟုန်ဖြင့် တည်ဆောက်ရန် လိုအပ်နေသောကြောင့်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရန် တစ်ဆက်တည်းဖြစ်သော ပွင့်လင်းရာသီ အများဆုံးရရှိစေရန်နှင့် သုံးလပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှုများ ပိုမိုညီညွတ် မျှတလာစေရန်အတွက် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် အဆိုပါမူဝါဒအား ဖော်ဆောင်ရာတွင် စီမံခန့်ခွဲမှု အားနည်းချက် Institutional Weakness များ ဖြစ်ပေါ်ခဲ့ပြီး တည်ဆောက်ရေးတင်ဒါ ခေါ်ယူခြင်း လုပ်ငန်းများအား ခုနစ်လနီးပါး အချိန်ယူခဲ့ခြင်းကြောင့် မူလ အနှစ်သာရဖြစ်သော ပွင့်လင်းရာသီတွင် တည်ဆောက်နိုင်ခွင့်များအား ဆုံးရှုံးခဲ့ကာ မိုးရာသီအတွင်း လုပ်ငန်းအားလုံး ဆောက်လုပ်ရမည့် အခြေအနေသို့ ရောက်ရှိခဲ့ရကြောင်း၊ သုံးလပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှု မညီမျှမှုအား ပိုမိုဖြစ်ပေါ်စေခဲ့ပြီး လုပ်ငန်း အရည်အသွေး ကျဆင်းခြင်း၊ သတ်မှတ်ချိန်အ တွင်းပြီးစီးအောင် ဆောင်ရွက်နိုင်မှု လျော့နည်းခြင်း၊ ဘဏ္ဍာငွေ ပြန်လည်အပ်နှံမှုများ ပိုမိုဖြစ်ပေါ်လာစေခြင်း အစရှိသည့် အားနည်းချက်များ ပိုမိုဖြစ်ပေါ်လာခဲ့ရကြောင်း အဆိုရှင်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်သောမူဝါဒမှာ နိုင်ငံတော်အတွက် အလွန်အနှစ်သာရနှင့် ပြည့်စုံသော မူ ၀ါဒတစ်ရပ် ဖြစ်ခဲ့သော်လည်း အချို့ဒေသများတွင် တည်ဆောက်ရေးတင်ဒါ ခေါ်ယူခြင်း လုပ်ငန်းများ ကြာမြင့်နှောင့်နှေးလျက်ရှိသောကြောင့် မူဝါဒဖော်ဆောင်မှုအပိုင်းတွင် စီမံခန့်ခွဲမှု အားနည်းချက်များ ဖြစ်ပေါ်နေခဲ့ရကြောင်း အဆိုရှင်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ အားနည်းချက်အား စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပြီး နိုင်ငံတော် သမ္မတရုံးမှလည်း တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက် (၁/၂၀၁၇) အား ထုတ်ပြန်ထားရှိပြီးဖြစ်ကာ အဆိုပါ ညွှန်ကြားချက်တွင် ပါရှိသော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအား ဗဟိုအစိုးရ၊ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြောင်းလဲခဲ့သည့် ဘဏ္ဍာနှစ်နှင့် ညီညွတ်စွာ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများအား ပထမ သုံးလပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်နိုင်မှသာ ဘဏ္ဍာနှစ် ပြောင်းလဲ သတ်မှတ်ခြင်း၏ အနှစ်သာရအား ပြည့်ပြည့်ဝ၀ ခံစားရရှိမည်ဖြစ်ကြောင်း အဆိုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစိုးမိုးသူက ပြောကြားသည်။

 

 

Most Read

Most Recent