မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒပြုထားသည့် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်အား ဆောလျင်စွာ ပြန်ပို့ပေးရေး ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းပေးရန် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာအထူးကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး မေတ္တာရပ်ခံ

မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒပြုထားသည့် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်အား ဆောလျင်စွာ ပြန်ပို့ပေးရေး ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းပေးရန် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာအထူးကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး မေတ္တာရပ်ခံ
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏  မြန်မာအထူးကိုယ်စားလှယ်တို့  စက်တင်ဘာ ၄ ရက်က တွေ့ဆုံဆွေးနွေးနေစဉ်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏  မြန်မာအထူးကိုယ်စားလှယ်တို့  စက်တင်ဘာ ၄ ရက်က တွေ့ဆုံဆွေးနွေးနေစဉ်
Published 5 September 2019
ဉာဏ်လင်းထွန်း

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner တို့ စက်တင်ဘာ ၄ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးတွင် ကြုံတွေ့နေရသည့် အတားအဆီးများအား ဖယ်ရှားနိုင်ရေး နည်းလမ်းများအား ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒပြုထားသည့် ဟိန္ဒူဘာသာဝင် ၄၄၄ ဦးကို ဆောလျင်စွာ ပြန်လည်ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းပေးရန် မြန်မာအထူးကိုယ်စားလှယ်ကို မေတ္တာရပ်ခံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

အဆိုပါ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်မှာ သြဂုတ် ၂၂ ရက်က ပထမအသုတ်အဖြစ် ပြန်လည်လက်ခံရန် စီစဉ်ခဲ့သည့် နေရပ်စွန့်ခွာသူ ၃၄၅၀ စာရင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ ၂၀၁၇ ဒီဇင်ဘာ မတိုင်မီတည်းက နေရပ်ပြန်လိုကြောင်း ဆန္ဒပြုထားကြသူများ ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်က အဆိုပါ ဟိန္ဒူဘာသာဝင်များကို နေရပ်ပြန်ပို့မည့် ဦးစားပေးစာရင်းတွင် ထည့်သွင်းထားခြင်း မရှိဘဲ ပထမအသုတ် ပြန်လည်လက်ခံရန် သဘောတူထားသည့်  ၃၄၅၀ ၏ နောက်တွင် ထည့်သွင်းထားကြောင်း အကြောင်းပြန်ကြားသည်ဟု ၎င်းက ဆိုသည်။

“အဲဒီလူတွေက ကျွန်တော်တို့ သိသလောက် မြန်မာကို ပြန်ချင်တယ်။ ပြန်ချင်တဲ့အတွက် အဲဒီလူတွေ ပြန်ဖို့လုပ်ပါလို့ ကျွန်တော်တို့က ပြောတာ။ အဲဒီလူတွေ ပြန်ဖို့ မပြန်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်က ဘာမှလုပ်မထားဘူး။ ဖောင်ဖြည့်တာတို့၊ ဝေတာတို့ ဘာမှလုပ်မထားဘူး” ဟု ဦးချမ်းအေးက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းချက်အရ စိစစ်ပြီး နေရပ်စွန့်ခွာသူ ၃၄၅၀ ကို ပထမအသုတ်အဖြစ် သြဂုတ် ၂၂ ရက်တွင် စတင် လက်ခံရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာသူ မရှိခဲ့ပေ။

ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်တားဆီးမှုများက နေရပ်စွန့်ခွာသူများ ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ်၏ အဓိက အတားအဆီးဖြစ်ပြီး နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ သတ်မှတ်ပုံစံများကို နေရပ်ပြန်လိုသူများအား ဖြန့်ဝေဖြည့်စွက်ပေးပို့ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း မရှိမှုကလည်း သြဂုတ် ၂၂ ရက် ပြန်လည်လက်ခံရေး အစီအစဉ် အထမမြောက်ခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

သြဂုတ် ၂၂ ရက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်သည် သုံးကြိမ်မြောက်ဖြစ်ပြီး ယခင် နှစ်ကြိမ်ကလည်း ပြန်လည် ဝင်ရောက်လာသူတစ်ဦးမျှ မရှိခဲ့ပေ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အထမမြောက်သေးခြင်းအပေါ် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများ အပြန်အလှန် ဝေဖန်မှုများ ပြုလုပ်လျက်ရှိနေသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် စက်တင်ဘာ ၄ ရက်က ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်အပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

Most Read

Most Recent